
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ တည်ရှိတဲ့ သဖန်းဆိပ်ဆည်ကနေ ရေလွှတ် မပေး သေးတာကြောင့် မြို့နယ် ၁၀ မြို့နယ်ရှိ လယ်ယာတွေ နွေစပါးနဲ့ အခြားသီးနှံတွေ စိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
သဖန်းဆိပ်ဆည်က နှစ်စဥ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ရေလွှတ်ပေးပြီး အခုနှစ်မှာတော့ ရေလွှတ် မပေးသေးတာကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်နဲ့ စစ်ကိုင်းမြို့နယ်အပါဝင် မြို့နယ် ၁၀ မြို့နယ်မှ လယ်ယာတွေမှာ နွေစပါး နဲ့ အခြားသီးနှံတွေ စိုက်ပျိုးဖို့ ရေအခက်ခဲဖြစ်နေပြီး မသေမရေရာတဲ့ အနေထားမှာရှိနေတယ်လို့ ဆိုပါတယ်။
စပါးစိုက် တောင်သူတယောက်က “ပုံမှန်ဆိုရင်တော့ ဒီလဒီရက်မှာက၊ ပျိုးထောင်ဖို့ လုပ်ငန်း လုပ်ရတဲ့အချိန်ပါ။ အခု ရေမလာတော့ ဘာစိုက်လို့ စိုက်ရမှန်းမသိသေးဘူး။ စက်ရေတွင်းကနေ ရေတင်စိုက်ဖို့ကလည်း အဆင်မပြေဘူး။ ဆီစျေးနဲ့ သွင်းအားစုစျေးတွေတက်၊ မနှစ်က စပါးစျေက တင်း ၁၀၀ မှာ ၁၃ သိန်းရှိတာ၊ တင်း ၁၀၀ အောက် ထွက်ရင်၊ အကျိုးမြတ်ထက် ရှုံးဖို့များတယ်။ ရေမလာတဲ့ ပြဿနာက တောင်သူတွေထက် နွေစပါးစိုက်ဧက ၂ သိန်းကျော်မှာ မှီခိုနေတဲ့ သောင်းချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ဖို့ ပိုများလာမယ်။ ရေလာခဲ့မယ်ဆိုရင်တော့ တောင်သူကလည်း အလုပ်ပေးနိုင်မယ်၊ အလုပ်သမားတွေလည်း အဆင်ပြေမယ်” လို့ ပြောပါတယ်။
သဖန်းဆိပ်ဆည် ရေအားလျှပ်စစ်ရုံးအပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကနေ ဒီနေ့အထိ ဒေသတွင်း တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီ တပ်တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေကာ လက်ရှိ သဖန်းဆိပ်ဆည်ထဲမှာ ရွှေဖောင်တွေ အများအပြား ရှိနေပြီး ရွှေမျှောဖောင် ၁,၀၀၀ လောက် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
တောင်သူတယောက်က “တိုက်ပွဲတွေကြောင့် ရေလွှတ်ပေးဖို့ ဆည်မှာ ကျွမ်းကျင်ဝန်ထမ်းမရှိဘူးလို့ ကြားတယ်။ ဆည်က စိုက်ပျိုးရေးအပြင် လျှပ်စစ်ပါ ထုတ်လုပ်တာ။ အခုစိုက်ရေးလည်းမလာ လျှပ်စစ်မီးလည်း မလာတော့ဘူး။ ရွှေဖောင်လုပ်ငန်းတွေ လုပ်နေကြလို့ ဆည်ရေအခြေအနေကို ထိခိုက်လာနေတာလို့ သိရတယ်။ ရေလာဖို့ မသေချာလို့ ဘာစိုက်ရမှန်း မသိသေးဘူး။ ဘာပဲစိုက်စိုက် ကုန်ကျစရိတ်က များမှာ။ ဒီနှစ် ရေမလာလို့ စိုက်ပျိုးရေး မလုပ်ရရင် လာမဲ့နှစ်မှာ ဆန်နဲ့ အခြေခံ စားကုန်တွေ ပြတ်လပ်တာတွေ၊ စျေးအဆမတန်တက်တာတွေ ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။
သဖန်းဆိပ်ဆည်မှ ဒီနေ့အချိန်အထိ ရေလွှတ်မပေးသေးတာနဲ့ပတ်သက်လို့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဌာနကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
အဆိုပါ သဖန်းဆိပ်ဆည်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်က စိုက်ပျိုးမြေ တွေကို ရေပေးဝေနေပြီး ယခင်က တနှစ်လျှင် ပျမ်းမျှ စပါး နဲ့ အခြားသီးနှံ စိုက်ဧက ၈ သိန်းခန့်ကို စိုက်ပျိုးနိုင်ပေမဲ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း သဖန်းဆိပ်ရေ လောင်တမံအနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မိုးရာသီမှာ စပါးနဲ့ အခြားသီးနှံစိုက်ပျိုးမှုမှာ ဧက ၅ သိန်းခန့်ရှိပြီး နွေရာသီမှာ နွေစပါး နဲ့ အခြားသီးနှံ ဧက ၂ သိန်းခွဲခန့် သာစိုက်ပျိုနိုင်ပြီး စိုက်ပျိုးမှု ကျဆင်း သွားတယ်လို့သိရပါတယ်။











