ကူဝိတ်နိုင်ငံတကာလေဆိပ်ဆီ အီရန်ဒရုန်းတစင်း ပျက်ကျသွားပုံကို ရိုက်ကူးထားတဲ့ စောင့်ကြည့်ဗီဒီယိုကို ကူဝိတ် အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ဇွန် ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန် ၃ ရက်မှာ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတခုကြောင့် လေဆိပ် အဆောက်အအုံတွေနဲ့ သံတမန်ရေးရာတာဝန်တွေ ပျက်စီးခဲ့သလို လူတယောက် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပြီးနောက် ကူဝိတ်နိုင်ငံတကာလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့တယ်လို့ ကူဝိတ် အာဏာပိုင်တွေနဲ့ နိုင်ငံပိုင်မီဒီယာတွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် လေဆိပ်အဆောင် ၁ အဆောက်အအုံ အပြင်းအထန် ပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက အထွေထွေ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ကို ကိုးကားဖော်ပြခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်ပြီး ဘေးကင်းရေးအစီအမံတွေ ဆောင်ရွက်ပြီးတဲ့နောက် ကူဝိတ်လေကြောင်းလိုင်းဟာ Terminal 4 ကနေ လေယာဉ်ခရီးစဉ်တွေကို ပြန်စနေပြီလို့ အရပ်ဘက် လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။
အီရန်ရဲ့ ထိပ်တန်းတော်လှန်ရေးအစောင့်တပ်က သူတို့ ကူဝိတ်လေဆိပ်ကို မပစ်ခဲ့ဘူးလို့ ပြောခဲ့ပြီး သူတို့ရဲ့ပစ်မှတ်တွေကို မထိမှန်ခဲ့တဲ့ အမေရိကန်ရဲ့ ကြားဖြတ် ဒုံးကျည်တွေကြောင့် ပျက်စီးဆုံးရှုံးတာလို့ အပြစ်တင်ခဲ့တဲ့အကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ပြောခဲ့ပါတယ်။
ကူဝိတ်ကို ချိန်ရွယ်ထားတဲ့ အီရန်ဒုံးကျည်နှစ်စင်းက ပစ်လွှတ်နေချိန်မှာ ပျက်ကျ ပေါက်ကွဲသွားခြင်းဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်တချို့က ဒေသတွင်း ပစ်မှတ်တွေကို မထိမှန်ခဲ့ဘူးလို့ အမေရိကန်စစ်တပ်က ပြောခဲ့ပါတယ်။
ကူဝိတ်နဲ့ ဟော်မုဇ် ရေလက်ကြားမှာ တိုက်ခိုက်မှုတွေဟာ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား မတည်မငြိမ် ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို စမ်းသပ်တဲ့ နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး ရေနံဈေးနှုန်းတွေ ၂ ရာခိုင်နှုန်း နီးပါး မြင့်တက်စေခဲ့တာပါ။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အား စတင်တိုက်ခိုက်ခဲ့ပြီး သုံးလကျော်အကြာမှာ ရေလက်ကြားကို အများအားဖြင့် ပိတ်ထားဆဲဖြစ်ပါတယ်။
Source: Reuters










