
နွားထိုးကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဝင်နေတဲ့ ၆ လတာကာလအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံသောင်းနဲ့ချီ စစ်ရှောင်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ တွေ လိုအပ်နေပါတယ်။
တပ်မ ၉၉ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ ၄၁၇၊ ၄၁၈၊ ခမရ ၁၅ နဲ့ ရဲကွန်မန်ဒိုတွေပါတဲ့ စစ်ကြောင်းဟာ မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်း ဝင်နေတာ ၆ လ ရှိနေပါပြီ။
အဲဒီကာလအတွင်း နွားထိုးကြီးမြို့နယ်ထဲက ကူကုန်း၊ ခံစပ်ကုန်း၊ ကြာကန်နဲ့ ငှက်ပျောအိုင်ရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းဟာ မီးရှို့ဖျက်ဆီးခံထားရတဲ့အတွက် အိမ်ခြေပေါင်း ၃,၀၀၀ က ဒေသခံသောင်းနဲ့ချီ အကူအညီလိုအပ်နေတာပါ။
လတ်တလော အိမ်ခြေ ၆၀၀ ကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း ကနေ အခြေခံစားသောက်ကုန်တွေ ကူညီထောက်ပံ့ပေးနေပြီး ကျန်နေတဲ့ စစ်ဘေးရှောင်တွေ အတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ နွားထိုးကြီး PDF ပြောရေးဆိုခွင့်ရှိသူက DVB ကို ပြောပါတယ်။
“တချို့ရွာတွေကတော့ ပြန်လို့ရပြီ။ စစ်ကြောင်းဝင်ပြီးတော့ မီးရှို့တယ်၊ မီးရှို့ပြီးတော့မှ ပျက်စီးသွား တဲ့အိမ်တွေ တချို့နေလို့ရသေးတဲ့နေရာတွေ နေပြီးတော့မှ ပြည်သူတွေပြန်ပြီးတော့ အခြေပြု နေတာမျိုး တွေရှိတယ်။ စစ်ကြောင်းက လောလောဆယ်မှာ မထွက်ဘဲနဲ့ အထိုင်ချထားတော့ အဲဒီ အနီးနားဝန်းကျင်ရွာတွေကတော့ ရှောင်နေရသေးတယ်။”
ထွက်ပြေးလာတဲ့ ဒေသခံတွေပြောပြချက်အရ စစ်တပ်စစ်ကြောင်းဟာ စစ်ရေးပစ်မှတ် မရှိဘဲ ရွာတွေထဲကို လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ပစ်ပြီးမှ ရွာထဲကိုဝင်ကာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာလည်း မင်းရွာ၊ ကူကူန်းရွာ၊ ကျောက်တန်းရွာ၊ မကျည်းကုန်းရွာနဲ့ ခံစပ်ကုန်းစတဲ့ ရွာ ၅ ရွာမှာ စစ်တပ်က အထိုင်ချတပ်စွဲထားလို့ နေရပ်ပြန်မရဘဲ နီးစပ်ရာ ယာကွင်းနဲ့တောထဲမှာ စစ်ရှောင် နေတာ ၆ လကျော်နေပြီဖြစ်လို့ သက်ကြီးပိုင်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ် နေတာပါ။
ဒေသခံတယောက်က “အဲဒီတုန်းက တိုက်ပွဲတွေဖြစ်နေတာ။ တိုက်ပွဲတွေဖြစ်နေတဲ့ကြားထဲက သူတို့ လက်နက်ကြီးတွေပစ်တယ်၊ လေယာဥ်နဲ့ လာကြဲတယ် ပြီးရင် ဒရုန်းတွေနဲ့ ပစ်တယ်။ ရွာထဲကို လာချတာ ရွာအရှေ့ဖျားကို ကျတာ အဲဒီမှာ စစ်ကြောင်း မရောက်သေးဘူး။ ဒီဘက်က PDF အဖွဲ့ တွေနဲ့ ဟိုဟာဖြစ်နေတဲ့အချိန် ကျနော်တို့က ရှောင်ရတာ။ ကျနော်တို့ ရှောင်နေတဲ့ကာလက ၅ လ ကျော် ၆ လထဲ ရောက်ပါပြီ။ ကျနော်တို့ ရွာအခြေအနေကတော့ မီးလောင်သွားပြီ၊ နေစရာလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။
မြင်းခြံ နွားထိုးကြီးနားတဝိုက်ဟာ မြင်းခြံပြည်သူ့စစ် ပျူစောထီးခေါင်းဆောင် ဒေါ် သီတာယုမွန်တို့ အဖွဲ့ အားကောင်းတဲ့နေရာပါ။
ပြီးခဲ့တဲ့ဒီဇင်ဘာမှာ အာဏာသိမ်းစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မြင်းခြံနဲ့ နွားထိုးကြီးဒေသကို စစ်ကြောင်းတွေ ခွဲထိုးနေတာဖြစ်ပြီး ဒေသခံသောင်းနဲ့ချီဟာ လက်ရှိ အချိန်ထိ နေရပ်ပြန်မရသလို ယာခင်းတွေမှာလည်း စိုက်ပျိုးလို့မရတဲ့အတွက် အခြေခံ စားသောက်ကုန်၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတာပါ။
မောရစ်










