DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို၌ အရိုးအပိုင်းအစများ အစုလိုက်အပြုံလိုက်တွေ့ 
DVB
·
April 18, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မက္ကဆီကိုနိုင်ငံကို ရောက်မလာခင်လေးမှာပဲ အာဏာပိုင် တွေဘက်က ပေါ့ပေါ့ဆဆ ကိုင်တွယ်ခဲ့တဲ့ အရိုးအပိုင်းအစပေါင်း ၁,၀၀၀ ကျော်ကို မက္ကဆီကိုစီးတီး မှာ တွေ့ရှိခဲ့တယ်လို့ ရှာဖွေရေးအဖွဲ့တွေက ဧပြီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အဖွဲ့စုံပါဝင်တဲ့ ရှာဖွေရေးအဖွဲ့ဝင်တွေဟာ ဧပြီ ၇ ရက်မှ ၁၆ ရက်အတွင်း မြို့တော်တောင်ပိုင်းမှာ အရိုးအကြွင်းအကျန်တွေနဲ့ အပိုင်းအစပေါင်း ၁,၀၇၆ ခုကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ 

အူနာလူ့ဇ်အန်နယ်လ်ကာမီယို အဖွဲ့တည်ထောင်သူ ဟာ့ကဲလင်းန် ပါလ်မယ်ရိုစ်က ဒီလို အမြောက်အမြားတွေ့ရှိမှုဟာ အာဏာပိုင်တွေရဲ့ စွမ်းဆောင်မှုကြောင့်မဟုတ်ဘဲ၊ အာဏာပိုင်တွေက အဲဒီအပိုင်းအစတွေကို မစစ်ဆေးဘဲ ပစ်ထားဖို့ ကြံစည်နေချိန်အတွင်းမှာ လူပျောက်ရှာ မိသားစုဝင် တွေကိုယ်တိုင် ပါဝင်စောင့်ကြည့်ပြီး ကြီးကြပ်ခဲ့လို့ ရရှိလာတဲ့ ရလဒ်ဖြစ်တယ်လို့ ပြောပါတယ်။

မက္ကဆီကိုမီဒီယာတွေမှာလည်း ဒီတွေ့ရှိချက်တွေကို လူသားအရိုး ဟုတ်၊ မဟုတ် ဆိုတာကို စိစစ် သတ်မှတ်ဖို့ မက္ကဆီကိုစီးတီး အစိုးရရှေ့နေဌာနရဲ့ မှုခင်းဆေးသိပ္ပံဆိုင်ရာ စစ်ဆေးရေးဌာနတွေ က လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။ 

အာဏာပိုင်တွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် အရိုးတွေကို ကိုင်တွယ်ရာမှာလည်း စနစ်တကျ နည်းပညာပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ မရှိဘဲ ဆိုးဆိုးရွားရွား မှားယွင်းလုပ်ဆောင်နေကြောင်း မိသားစုဝင်တွေက စွပ်စွဲကန့်ကွက်ခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်က မက္ကဆီကိုစီးတီးအရှေ့တောင်ပိုင်း တယ်လာ့ဟွာ့ခ်မှာ ပျောက်ဆုံးသွားခဲ့သူ တယောက် ရဲ့ မိခင်ကတော့ အစိုးရအဖွဲ့အစည်းတွေကို မယုံကြည်နိုင်တော့ဘူးလို့ သူ့ရဲ့ နာကျင်မှုကို ထုတ်ဖော်ပြောပါတယ်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်ဟာ ဧပြီ ၁၉ ရက်မှ ၂၂ ရက်အတွင်း မက္ကဆီကိုနိုင်ငံကို လာရောက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မက္ကဆီကိုနိုင်ငံအတွင်း လူပျောက်ဆုံးမှုတွေကို ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အပြစ်ပေးခြင်းနဲ့ အမြစ်ပြတ်ချေမှုန်းခြင်းတို့မှာ ကူညီပေးနိုင်မဲ့နည်းလမ်းတွေကို ကုလသမဂ္ဂအထွေထွေညီလာခံ ကနေ စဉ်းစားပေးဖို့နဲ့ ကုလသမဂ္ဂ အဓမ္မပျောက်ဆုံးမှုဆိုင်ရာကော်မတီဟာ ဧပြီလ အစောပိုင်းက အတွင်းရေးမှူးချုပ်ထံ အရေးပေါ်တင်ပြတောင်းဆိုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ အခုခရီးစဉ် ပေါ်ပေါက် လာတာပါ။

မက္ကဆီကိုနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး အကြမ်းဖက်မှုတွေနဲ့ ဂိုဏ်းစတားတွေရဲ့ သြဇာအာဏာ ကျယ်ပြန့်လာမှု နောက်ဆက်တွဲကြောင့် လက်ရှိမှာ လူပေါင်း ၁၃၀,၀၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013