
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတွေ အခုနှစ်စိုက်ပျိုးထားတဲ့ ကွမ်းခြံတွေ ရေနစ်မြုပ် ပျက်စီးနေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်ရေကာတာကျိုးပေါက်တဲ့ဒဏ်ကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကွမ်းခြံတွေမြုပ်တာ၊ ရေစီးနဲ့မျောပါတာ၊ တချို့ကွမ်းခြံတွေ သြဂုတ် ၁၁ ရက်အထိ ရေနစ်မြုပ်နေဆဲဖြစ်နေသေးတယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ် ကွမ်းစိုက်ပျိုးသူတယောက်က “ကွမ်းခြံတော်တော်များများ မြုပ်ကုန်တာ။ တချို့ ကွမ်းခြံတွေဆို ခြံလိုက် ရေစီးနဲ့ပါသွားတာ၊ ဘာမှကိုမကျန်ဘူး။ ဆုံးရှုံးမှုကတော့ မနည်းပါဘူးကွယ်” လို့ ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် လေးမျက်နှာမြို့နယ်ထဲက ဒေသခံ တောင်သူတွေ အခုနှစ် အသစ် စိုက်ပျိုးထားတဲ့ ကွမ်းခြံ ဧက သောင်းချီ လုံးဝရေနစ်မြုပ် ပျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေးမျက်နှာမြို့နယ် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းရှင်တယောက်က “ကွမ်းက ပုံမှန်ရေထိရင်တောင် ၂ ရက်၊ ၃ ရက်ဆို အခြေအနေမကောင်းဘူး၊ ပျက်စီးတတ်တယ်။ အခုက ရေလုံးဝ မြုပ်သွားတာ။ ရက်ကလည်း မနည်းတော့ ဘာမှကိုပြန်မရတာ” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်က ဒေသခံတောင်သူတွေဟာ စပါးနဲ့ယှဉ်တွဲပြီး ရာသီးကုန်သီးနှံတွေဖြစ်တဲ့ ကွမ်း၊ ငရုတ်၊ ငှက်ပျော စတဲ့သီးနှံတွေကို တောင်သူတယောက်ကို ၁ ဧက ကနေ ၁၀ ဧကကျော်အထိ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်မှာ ကွမ်းခြံ ရေနစ်မြုပ်မှုဖြစ်လို့ ပျက်စီးလာပြီးနောက် လက်ရှိ ကွမ်းရွက် ၁ ပိဿာကို ငွေကျပ် ၂၀,၀၀၀ အထိ ဈေးထိုးတက်လာပြီး ပြီးခဲ့တဲ့ မေနဲ့ ဇွန်လတွေမှာ ကွမ်းရွက် ၁ ပိဿာ ငွေကျပ် ၁၄,၅၀၀ အထိသာ ဈေးရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo: Htet Aung










