DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ် ကျေးရွာများကို စစ်တပ်က ဆက်တိုက်မီးရှို့နေ၊ အိမ်ခြေ ၄၀၀ ခန့်ဆုံးရှုံး
DVB
·
July 4, 2026
Photo: ကူညီဆောင်ရွက်ပေးနေသူတဦး
Photo: ကူညီဆောင်ရွက်ပေးနေသူတဦး
Donate to DVB

မကွေးတိုင်း ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၃ ရက်အထိ ကျေးရွာ ၅ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကူညီဆောင်ရွက်ပေးနေသူတယောက်က “စစ်ကြောင်းတွေက ပြီးခဲ့တဲ့လ ၂၀ ရက်နေ့ကတည်းက စဝင်လာပြီး ၂၁ ရက်နေ့ကတည်းက ရွာတွေကိုမီးရှို့တာ အခုလ ၃ ရက်နေ့အထိပဲ။ မီးရှို့ခံရတဲ့ ရွာတွေက ဆူးတော၊ ရွာမ၊ ညောင်ချောင်းကျေး၊ ညောင်ဇင် နဲ့ လေးပင်ကုန်းရွာတွေကို ဆက်တိုက် ရှို့လာတာ။ ၅ ရွာပေါင်း မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၄၀၀ ဝန်းကျင်လောက်ရှိတယ်လို့တော့ ခန့်မှန်းပါတယ်။ စစ်ကြောင်းတွေဝင်လို့ စစ်ဘေးရှောင်ရတဲ့ ရွာတွေကလည်း ရွာပေါင်း ၄၀ လောက် ရှိပါတယ်။ အခုထိ စစ်ကြောင်းတွေရှိနေသေးလို့ စစ်ရှောင်ဦးရေ အတိအကျ မသိရသေးဘူး။ ခန့်မှန်းတော့ စစ်ရှောင် ၃၀,၀၀၀ ဝန်းကျင်ရှိမယ်။ စစ်ဘေးရှောင်တွေကတော့ ဘေးလွတ်တဲ့ နေရာတွေကို နေရာရွှေ့ပြီးရှောင်နေကြရတယ်” လို့ DVB ကို ပြောပါတယ်။

​စစ်ကြောင်းဟာ ဆူးတောကျေးရွာက နေအိမ်တွေကို ဇွန် ၂၅ ရက်၊ ညောင်ဇင်ကျေးရွာက နေအိမ် တွေကို ဇွန် ၂၇ ရက်နဲ့ အခု ဇူလိုင် ၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရွာမကျေးရွာကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မီးရှို့ခဲ့တဲ့အပြင် လေကြောင်းကနေ မီးလောင်ဗုံးကြဲချခဲ့ပါတယ်။ 

ဇူလိုင် ၃ ရက်နေ့မှာလည်း ညောင်ချောင်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကစလို့ ချောက်မြို့နယ်အလယ်ကြောကကျေးရွာတွေကို စစ်တပ်ဘက်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ဆိုပါတယ်။

ရှေ့တန်းမှာရောက်ရှိနေတဲ့ တော်လှန်ရေးရဲဘော်တယောက်က “စစ်ကြောင်း ၂ ကြောင်းပေါင်း အင်အား ၅၀၀ ဝန်းကျင်ပါပြီးတော့ စစ်ကြောင်းတွေ အခုထိရှိနေသေးတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေပြီးတော့ နှစ်ဖက်အကျအဆုံးရှိပါတယ်။ သူတို့ဘက်က လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်တာ တွေလည်းရှိနေပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာတွေ အနီးအနားက ကျေးရွာတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြု နေထိုင် ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း ဆိုပါတယ်။

ချောက်မြို့နယ်အတွင်းမှာရှိကြတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ ဇွန် ၂၂ ရက်နေ့နောက်ဆုံးထားပြီး အလင်းဝင်ရောက်ကြဖို့ ချောက်မြို့နယ်၊ ကြားကာလဒေသန္တရပြည်သူ့အုပ်​ချုပ်ရေး ဖော်ဆောင်မှု ကော်မတီ၊ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့မှာ ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်ဘက်က အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ဆိုပါတယ်။

ချောက်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကြောင်းတွေကို ပြီးခဲ့တဲ့ ဇွန် ၂၃၊ ၂၆ နဲ့ ၂၇ ရက်နေ့ တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်ထက် မနည်း သေဆုံးပြီး တိုက်ခိုက်ရေးဒရုန်း ၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြကာ လက်နက်ခဲယမ်းအများအပြား ကိုလည်း သိမ်းဆည်းရရှိခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013