
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ မံစီရွာက ဆေးရုံကို စစ်အာဏာရှင်တပ်က ဩဂုတ် ၁၇ ရက် ဒီနေ့လယ် ၂ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ လေယာဉ်နဲ့ ကင်းထောက်ပျံသန်းပြီးနောက် မံစီရွာဆေးရုံကို ဗုံးကြဲတိုက်ခိုက်ပြီး ဆေးကုသမှု ခံယူနေသူတွေကို အချိန်မီ ကယ်ထုတ်နိုင်တာကြောင့် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မံစီဆေးရုံကို ဗုံးကြဲသွားတာ။ ဆေးရုံတော့ ပျက်စီးတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ လူနာ၊ ဝန်ထမ်းတွေ အကုန်လွတ်ပါတယ်။ နေအိမ်ကတော့ ၂ လုံးပျက်စီးတယ်” လို့ DVB ကို ပြောပါတယ်။
မနေ့ကလည်း ပင်လည်ဘူးမြို့နယ်ထဲက ကင်းပန်းရွာဆေးရုံကို စစ်အာဏာရှင်တပ်က ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၃ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကင်းပန်းရွာ ဒေသခံတယောက်က “လက်ရှိတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ အဲဒီနားက ရွာတွေလည်း ပြေးကြရပါတယ်။ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့တော့ မိုက်နဲ့ ရွာတိုင်း အော်ပြောနေပါတယ်” လို့ ပြောပါတယ်။
ကင်းပန်းရွာကို စစ်တပ်ဘက်က လေယာဉ် ၂ စီးနဲ့ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ကလေးတွေ အပါအဝင် ၁၃ ယောက် ဒဏ်ရာရရှိခဲ့သလို ခြေထောက်နဲ့ လက် ပြတ်ထွက်ဒဏ်ရာရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
Photo: မြေပြင်ရဲဘော်တဦး











