
လွန်ခဲ့တဲ့ ၃ လအတွင်း ကနေဒါစစ်သားတွေဟာ ယူကွန်-အလာစ်ကာ နယ်စပ်ကနေ မာနီတိုဘာနဲ့ ချာချီလ်မြို့တွေအထိ ပြင်းထန်တဲ့ အာတိတ်ဒေသ အခြေအနေတွေမှာ ကီလိုမီတာ ၄,၅၀၀ ရှည်လျား တဲ့ ခရီးကို နှင်းလျှောစီး ကင်းလှည့်ခဲ့ပါတယ်။
နှင်းမုန်တိုင်းတွေနဲ့ ရေခဲမှတ်အောက် အနုတ် ၆၀ ဒီဂရီထိ အအေးချိန်တွေကို ရင်ဆိုင်ရင်း ပြည်ပ ခြိမ်းခြောက်မှုအတွက် ပြင်ဆင်ဖို့ ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကို လေ့ကျင့်ခဲ့ပါတယ်။
ကနေဒါ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁,၃၀၀ ကျော်ဟာ နှင်းလျှောစီးကင်းလှည့်ခြင်း၊ ရေခဲနေတဲ့ အာတိတ်သမုဒ္ဒရာပေါ်မှာ လေယာဉ်တွေ ဆင်းသက် လေ့ကျင့်ခြင်းနဲ့အတူ နူနာဗတ်နဲ့ ကိန်းဘရေ့ချ် ပင်လယ်အော်မှာရှိတဲ့ မြောက်ဘက်ဆုံးနေရာဆီ အမြောက်တပ်တွေ သယ်ယူပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ လေ့ကျင့်ခန်းစ ကတည်းက ကနေဒါ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အများဆုံး ပါဝင် လေ့ကျင့်ခဲ့ပါတယ်။
အမေရိကန်၊ ဂရင်းလန်း၊ ဘယ်လ်ဂျီယံနဲ့ ပြင်သစ် လက်နက်ကိုင်တပ်ဖွဲ့တွေက လေ့လာသူ နည်းနည်းနဲ့ ပါဝင်သူတွေလည်း တက်ရောက်ခဲ့ပါတယ်။
“သူတို့ဟာ စိတ်ကူးနိုင်သမျှ အဆိုးရွားဆုံး မြေပြင်နဲ့ ရာသီဥတုတွေကြားမှာ သူတို့ရဲ့ စွမ်းရည်တွေကို တိုးချဲ့နေကြပါတယ်” လို့ ကနေဒါ လက်နက်ကိုင်တပ်ဖွဲ့၊ အရန်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ အမှတ် ၁ ကနေဒီယံ လျှပ်တပြက် စီးနင်းတိုက်ခိုက်ရေး ကွန်မန်ဒိုတပ်ဖွဲ့ရဲ့ လှည့်ကင်းတပ်မှူး ထရာဗစ် ဟိန်းစ်က ပြောပါတယ်။
NATO အဖွဲ့ဝင် ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အာတိတ်ဒေသမှာ ဆယ်စုနှစ်များစွာ အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။
ဆိုဗီယက်ယူနီယံရဲ့ ခြိမ်းခြောက်မှုကို ဘယ်နိုင်ငံမှ လွတ်လွတ်လပ်လပ် မတုံ့ပြန်နိုင်လို့ ၁၉၅၈ ခုနှစ်မှာ မြောက်အမေရိက အာကာသ ပူးတွဲကွပ်ကဲရေးဌာနချုပ် NORAD ကို ဖွဲ့စည်းခဲ့ပါတယ်။
အာတိတ်ဒေသကို ၉ ရက်ကြာ ခရီးစဉ်အတွင်း အာတိတ်ဒေသက ကနေဒါ စစ်ဘက်ခေါင်းဆောင်တွေ၊ အစိုးရဝန်ကြီးတွေ၊ သံတမန်တွေ၊ လေ့လာသုံးသပ်သူတွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၂ ဒါဇင်နီးပါးနဲ့ အင်တာဗျူး တွေမှာ ဝန်ကြီးချုပ်ရဲ့ ကတိကဝတ်တွေ ရှိနေပေမဲ့ ကနေဒါနဲ့ အမေရိကန်စစ်တပ်တွေ ကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေးဟာ မပြောင်းလဲဘဲ အာတိတ်ဒေသကို ကာကွယ်ဖို့ စိန်ခေါ်မှုတွေက ကြီးမားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ကနေဒါနိုင်ငံဟာ လုံးဝ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်လိမ့်မယ်ဆိုတာ မဖြစ်နိုင်သလောက်ဘဲ၊ အမေရိကန်ကလည်း သူ့ရဲ့လုံခြုံရေးအတွက် ကနေဒါကို မှီခိုနေရတယ်လို့ ရိုက်တာက သုံးသပ် ပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး အနီတာ အာနန်က အစိုးရအနေနဲ့ ကနေဒါနိုင်ငံအနေနဲ့ အာတိတ်ဒေသ ကို ကာကွယ်ဖို့ အမြန်ဆုံးလုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပေမဲ့ အချိန်ဇယားကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
Source: Reuters











