
တောင်ကိုရီးယားနိုင်ငံမှာ ဇွန် ၁၈ ရက်က မြန်မာလုပ်သားတယောက် လုပ်ငန်းခွင်မှာ မတော်တဆ မီးလောင်ခံရပြီး သေဆုံးခဲ့တယ်လို့ အဲဒီနိုင်ငံရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ် ဂင်မဲမြို့က စက်ရုံလုပ်ငန်းခွင်အတွင်း အသက် ၃၂ နှစ်အရွယ် ကိုသန့်ဇင်ဦးဟာ မနက် ၁၁ နာရီလောက်က သံစည်ပိုင်းအတွင်း ဝင်ရောက် သန့်ရှင်းရေးလုပ်နေစဥ် ရုတ်တရက် မီးထတောက်ရာကနေ မီးလောင်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူနဲ့ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တယောက်က “စည်ပိုင်းကို သန့်ရှင်းရေးလုပ်နေတုန်း ပွတ်တိုက်လို့ ထွက်လာတဲ့ မီးစကနေ မီးထတောက်လောင်တာ။ အခန့်မသင့်ဘဲ သတိလက်လွတ် ဖြစ်သွားတာထင်တယ်” လို့ ပြောပါတယ်။
အခုလို မတော်တဆဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ကိုသန့်ဇင်ဦးမှာ ရွှေပြည်သာမြို့နယ်ကနေ ရောက်ရှိ လုပ်ကိုင်နေသူဖြစ်ပြီး သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်သူတယောက် ဖြစ်တယ်လို့ အလုပ်အတူလုပ်ခဲ့ဖူးသူတွေက ဆိုပါတယ်။
အခုလို စက်ရုံက အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အလုပ်ကို ပေါ့ပေါ့တန်တန် ခိုင်းစေတဲ့အပေါ် တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေကြားမှာ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံက လုပ်ငန်းခွင်ထဲမှာ မြန်မာလုပ်သားတွေ မတော်တဆမှုကြောင့် ထိခိုက်၊ သေဆုံးရတာတွေ မကြာခဏ ဖြစ်နေတဲ့အတွက် သတိထားလုပ်ကိုင်ဖို့ အချင်းချင်း တိုက်တွန်းမှုတွေ ရှိနေပါတယ်။










