“လုံခြုံချင်ပါက ငါတို့ဒေသက ထွက်သွား” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရာချီက ဆိုရှယ်မီဒီယာ X မှာ သတိပေး ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေ၊ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန် အပါချီ ရဟတ်ယာဉ်တစင်း ဟော်မုဇ်ရေလက်ကြားမှာ ပစ်ချခံရတာကို လက်တုံ့ပြန်မယ်လို့ ပြောခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးရဲ့ မက်ဆေ့ချ် ထွက်ပေါ်လာတာပါ။
အီရန်ဒေသခံမီဒီယာရဲ့ ဖော်ပြချက်အရ ဟော်မုဇ်မှာရှိတဲ့ ကက်ရှ်မ်ကျွန်းကို တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ရေလက်ကြားရှိ ဆီရစ်မြို့ကိုလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံတွေကို အနီးအနားမှာရှိတဲ့ ဘန်ဒါအဘတ်စ်မှာ ကြားနေရတယ်လို့ ဖော်ပြပါတယ်။
ထရမ့်ပ်ရဲ့ ပြောကြားချက်အရ အပါချီမှာ လေယာဉ်မှူး ၂ ယောက် ပါဝင်တယ်လို့ ဆိုပြီး ဒဏ်ရာမရဘူးလို့လည်း သိရပါတယ်။
အပါချီရဟတ်ယာဉ် ပျက်ကျခဲ့တာက အီရန်ရဲ့ အသေခံဒရုန်းကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ အမည်မဖော်တဲ့ အမေရိကန်အရာရှိတယောက်က ပြောပါတယ်။
Source: Reuters











