
ရခိုင်ပြည်နယ်အနှံ့ လာမဲ့ရက်တွေအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ထပ်မံဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပေမဲ့ ဆက်သွယ်ရေးလိုင်း အခက်အခဲတွေ ကြောင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက် သိပ်မရလို့ ဒေသခံတွေ ကြိုတင်ပြင်ဆင်မှုအပိုင်း မှာ အားနည်းနေပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွေမှာ မုတ်သုံလေ အားကောင်းနေတာ ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ထပ်မံဖြစ်ပေါ် နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားတာပါ။
ဩဂုတ် ၂၀ ရက်ကနေ လာမဲ့ ၂၄ ရက်အထိ မုတ်သုံလေ အားကောင်းမှုနဲ့အတူ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းတာတွေကြောင့် ရခိုင်ပြည်နယ်အနှံ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းဒေသတွေဟာ တောတောင်ထူထပ်ပြီး ဝေးလံတဲ့ဒေသတွေ ဖြစ်တဲ့အပြင် ရေကြီးတဲ့ဒဏ်ကို နှစ်စဉ်နှစ်တိုင်း ခါးစည်းခံနေကြရတာပါ။
ဒီနှစ်ထဲမှာတင် ၃ ကြိမ်တိုင်တိုင် ရေကြီးတဲ့ဒဏ်ကို ခံခဲ့ရတဲ့အတွက် လယ်သမားတွေရဲ့ မျိုးစပါးနဲ့ စိုက်ခင်းတွေဟာ ရွံ့နွံတွေကြောင့် အကုန်လုံး ပျက်စီးခဲ့ရပါတယ်။
ရေကြီးမှုဒဏ်ကို နှစ်စဉ်လိုလို ကြုံတွေ့နေရပေမဲ့ သတင်းအချက်အလက်ရရှိမှု အပိုင်းမှာတော့ အားနည်းနေဆဲဖြစ်ပြီး အကူအညီရောက်ရှိမှုကလည်း မရှိသလောက်ပါဘဲလို့ ဆိုပါတယ်။
ဒေသခံ ဒါချူမောင်က “ကျနော်တို့ဘက်မှာကကျတော့ အဲ့လိုမျိုး information ဘာညာတို့က သိပ်မရကြဘူး။ အဲ့လိုမျိုး ရေကြီးလာနိုင်တယ် ဆိုတာတော့ သိပ်ပြီးတော့ မသိကြဘူးပေါ့။ သိတယ် ဆိုရင်တောင်မှ ကြိုတင်ပြင်ဆင်မှုအပိုင်းကတော့ အဲ့လိုမျိုး မရှိဘူး။ ဘယ်လို ကြိုတင် ပြင်ဆင် ရမလဲဆိုတာ သူတို့ကိုယ်တိုင်လည်း မသိလို့ထင်ပါတယ်။ ဖြစ်လာမယ် ဆိုရင်တော့ အကောင်းဆုံး ရင်ဆိုင်သွားမယ်၊ အဲ့လောက်ပဲ ရှိတယ်။ အစိုးရဌာနရော လူမှုကယ်ဆယ်ရေးတွေရော တော်တော် အရောက်နည်းတယ်လို့ ပြောရမယ်” လို့ ပြောပါတယ်။
ရေကြီးတာကြောင့် တောတောင်ကို အမှီပြု လုပ်ကိုင်စားသောက်ရသူတွေမှာ အလုပ်အကိုင်မရှိ ဖြစ်ရတာ၊ ကလေးငယ်တွေ ကျောင်းသုံးပစ္စည်းဆုံးရှုံးမှုနဲ့အတူ ကျောင်းတွေ ရပ်နားရတာ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အားနည်းနေတာ၊ လာရောက်ကူညီပေးတဲ့ ပရဟိတအဖွဲ့ ရောက်ရှိမှု အားနည်းနေတာတွေကြောင့် ဒေသခံတွေမှာ ပိုပြီး အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပါတယ်။
လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဇော်ဇော်ထွန်း ကလည်း ရေဘေးသင့်ပြည်သူတွေကို သက်ဆိုင်ရာအစိုးရက ထောက်ပံ့မှုတွေ ရှိနေပေမဲ့ ပြန်လည်ထူထောင်နိုင်တဲ့ အပိုင်းမှာ လိုအပ်မှုတွေ အများကြီးရှိနေဆဲပါလို့ ဆိုပါတယ်။
အမှုဆောင်ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက “ငွေကြေးထောက်ပံ့တာမျိုးကို တွေ့တယ်။ တခြား ယာယီ နေရာထိုင်ခင်းတွေကို စီစဉ်ပေးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပျက်စီးသွားခဲ့ရတာတွေ အကုန်လုံးကို ပြန်အစားထိုးပြီးတော့မှ အပြည့်အစုံ ထောက်ပံ့နိုင်တဲ့ဟာမျိုးတော့ မဟုတ်ဘူးလို့ တော့ ထင်ပါတယ်ဗျာ။ ဒီသဘာဝဘေးကို အံတုပြီးတော့ ပြင်ဆင်နိုင်တာမျိုးတော့ မရှိပါဘူး။ ဖြစ်လာနိုင်ခြေကို တွက်ထားတယ်။ ပြီးတော့မှ နေရာရွှေ့မဲ့ကိစ္စတွေ၊ နေရာရွှေ့တဲ့အချိန်မှာ အသုံးအဆောင်ပစ္စည်းတွေကို စုထားရမဲ့ ကိစ္စတွေပေါ့နော်၊ ဒါမျိုးလေးတွေကတော့ ရှိတာပေါ့။ အဓိကကတော့ အသက်မသေဖို့နဲ့ ငတ်ပြတ်မှု မကြုံရဖို့၊ အရေးကြီးပစ္စည်းတွေ မဆုံးရှုံးဖို့ပေါ့” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လာမဲ့ ၄ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာ၊ မြေပြိုတာ၊ မိုးကြိုးပစ်တာနဲ့ လျှပ်စီးလက်တာ စတဲ့ သဘာဝဘေး အန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသနဲ့ မြစ်ငယ်၊ ချောင်းငယ်အနီးမှာ နေထိုင်သူတွေ အနေနဲ့ အထူးသတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ ရေကြီးရေလျှံမှု ဖြစ်လာရင် အရေးပေါ်ပြောင်းရွှေ့ရမဲ့ စက်လှေတွေ လုံလောက်မှု မရှိတဲ့ အတွက် စက်လှေအကူအညီတွေ ပေးကြဖို့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေက တိုက်တွန်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
လက်ရှိမှာလည်း ရေကြီးပြီး နောက်ဆက်တွဲအနေနဲ့ ဒေသတွင်းမှာ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေ အဖြစ်များနေပြီး ဆေးဝါးလိုအပ်ချက်တွေ၊ လယ်ယာစိုက်ခင်း သိန်းချီ ပျက်စီးခဲ့ရတဲ့အတွက် စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်တွေကလည်း အဓိက စိန်ခေါ်မှုတခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ကေခိုင်











