
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း မိုးသည်းထန်လို့ အိမ်တွေ၊ လမ်းတွေနဲ့ လယ်ယာမြေတွေ ရေလွှမ်းမိုးခဲ့ပြီး လူ ၅ ယောက်ထက်မနည်း သေဆုံး၊ ၃ ယောက် ဒဏ်ရာရခဲ့ကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
အလယ်ပိုင်း တောင်တန်းဒေသဟာ ပြင်းထန်တဲ့ရာသီဥတုဒဏ်ကို ခံစားခဲ့ရပြီး လူ ၂ ယောက် ပျောက်နေတုန်းပဲလို့ အာဏာပိုင်တွေက ပြောပါတယ်။
လက်ဖက်စိုက်ပျိုးရာခရိုင်တွေမှာ ကျောင်းတွေကို သြဂုတ် ၄ ရက်မှာ ပိတ်ထားခဲ့ရပါတယ်။ ရေတပ်နဲ့ ကြည်းတပ်တို့က ပိတ်မိနေတဲ့ ဒေသခံတွေကို ကူညီဖို့နဲ့ မိသားစုတွေကို ဘေးကင်းတဲ့နေရာတွေဆီ ရွှေ့ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လှေတွေကို ဖြန့်ကြက်ထားပါတယ်။
အရေးပေါ်အဖွဲ့တွေက ကယ်ဆယ်ရေးနဲ့ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းရေးလုပ်ငန်းတွေကို ဆက်လုပ်နေချိန်မှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်လေ့ရှိတဲ့ ဒေသတွေက ဒေသခံတွေ သတိရှိရှိ နေထိုင်ကြဖို့ သီရိလင်္ကာအာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။
Source: Reuters










