DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် သုံးလအတွင်း ငှက်ဖျားကူးစက်သူ ၁,၅၀၀ ဝန်းကျင်ရှိလာ
DVB
·
June 30, 2026
Photo : DVB
Photo : DVB
Donate to DVB

ကရင်နီပြည်နယ်မှာ မိုးရာသီ ငှက်ဖျားရောဂါ ပြန်လည်ဦးမော့လာနေပြီး ဒီ ၃ လအတွင်း ကူးစက်သူ ၁,၅၀၀ ဝန်းကျင် ရှိလာနေလို့ ဆေးဝါးနဲ့ ခြင်ထောင် လိုအပ်ချက်တွေ မြင့်မားနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ၊ မေနဲ့ ဇွန် ၃ လတာ ကာလအတွင်း ကရင်နီပြည်နယ်အတွင်းမှာ ငှက်ဖျားကူးစက်ခံရသူ အရေအတွက် ၁,၅၀၀ ဝန်းကျင်အထိ ရှိလာနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ ကျန်းမာဌာနကနေ သိရပါတယ်။

လက်ရှိ ဖရူဆို၊ ဒီးမော့ဆို၊ မယ်စဲ့နဲ့ ရှားတောမြို့နယ်ဘက်က စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားပိုး သယ်ဆောင်ထားတဲ့ခြင် အကိုက်ခံရတာနဲ့ အသည်းထဲက ငှက်ဖျားပိုးတွေ ပြန်ထလာတာကြောင့် ကူးစက်မှုနှုန်း မြင့်နေတာလို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

ထိုးစစ်တွေကြောင့် တောတောင်တွေထဲ ခဏခဏ ပြောင်းရွှေ့နေရတဲ့ စစ်ရှောင်စခန်းတွေမှာ ပိုခံစားနေရပြီး စစ်ရေးအခြေအနေနဲ့ လမ်းခရီးပျက်စီးမှုတွေကြောင့် ဆေးဝါးဝယ်ဖြည့်ဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကျန်းမာရေးဌာ ပြောရေးဆိုခွင့်ရှိသူက “အဓိကက Vivax infection (ဗိုင်းဗက်စ် ငှက်ဖျားပိုး) ပိုဖြစ်တာပေါ့လေ။ ဒါက Reactivation (အသည်းထဲက ပိုးပြန်ကြွတာ) ဖြစ်တာများမယ်လို့ ထင်တယ်။ အဓိက ဒီပိုးက ဆေးနည်းနည်း ရက်ကြာကြာ သောက်ရတာဆိုတော့ လူနာတွေက အပြည့်မသောက်မိတာတွေကြောင့် ပိုများပါတယ်။ အခုဖြစ်ပွားနေတာက စစ်ရှောင်ပဲဖြစ်ဖြစ်၊ မရှောင်ပဲဖြစ်ဖြစ် ငှက်ဖျားပိုးရှိတဲ့ ခြင်တွေ အကိုက်ခံရရင် ဖြစ်မှာပဲ၊ ရောဂါဟောင်းကနေ Reactivation ဖြစ်ရင်လည်း ဖြစ်ပွားမှာပါပဲ။ ဆေးဝါးကတော့ ရှိသင့်သလောက် ရှိနေပေမဲ့ လုံလောက်မှုတော့ မရှိဘူး။ လမ်းကြောင်း မရှင်းတာရယ်၊ စစ်ရေးအခြေအနေ ခြုံငုံအခြေအနေအရရယ်၊ ဆေးဝါးရှားပါးတာ ရယ် ကြောင့်ပါ” လို့ ပြောပါတယ်။

ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ မြို့နယ်တွေထဲက ဖရူဆိုဘက်မှာလည်း ရွာလုံးကျွတ် ငှက်ဖျားပိုး ကူးစက်ခံနေရတာတွေ ရှိနေတယ်လို့ ဖရူဆို စစ်ရှောင်တွေက DVB ကို ပြောပါတယ်။

ကျေးရွာပေါင်း ၈ ရွာနဲ့ ဖွဲ့ထားတဲ့ ဖရူဆိုမြို့နယ် ကေးလျားအုပ်စုထဲက အိမ်ခြေနည်းတဲ့ရွာတချို့မှာ အသက်အရွယ်အစုံ ကူးစက်ခံနေရတာပါ။

သန့်ရှင်းတဲ့ရေ မရတာတွေ၊ ခြင်ထောင် အလုံလောက် မရှိတာတွေကြောင့် ကူးစက်နှုန်း မြင့်တက်နေတာဖြစ်ပြီး ငှက်ဖျားကာကွယ်ရေးဆေးပစ္စည်းတချို့ IEC နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ထောက်ပံ့ထားပေမဲ့ လုံလောက်မှုတော့ မရှိဘူးလို့ စစ်ရှောင်တွေက ဆိုပါတယ်။

ဖရူဆို စစ်ရှောင်တယောက်က “ကေးလျားအုပ်စုရဲ့ အောက်ဘက်ခြမ်းမှာတော့ ငှက်ဖျား တော်တော်လေး ပေါ်နေပြီ။ ရွာသေးသေးလေး အိမ်ခြေ ၂၀ ကျော် ၃၀ ကျော် ရွာလေးက ၁၅ ယောက် ၁၀ ယောက် အဲ့လိုပေါ်နေပြီ။ အဓိက ခြင်တွေပေါ့နော်၊ ခြင်တွေပေါတဲ့ နေရာမှာ သွားနေသလို ဖြစ်နေတော့ Positive က ပိုပေါ်တယ်၊ အဲလိုမျိုး ဖြစ်သွားတယ်။ ဥပမာ ရွာတရွာမှာ ၁၅ ယောက်လောက်ဖြစ်တယ် ဆရာမ ပြောတယ်ပေါ့နော် ၁၅ ယောက် ဖြစ်တဲ့ထဲမှာ ကျောင်းသူ ကျောင်းသားက ဘယ်နှယောက်ပါလဲဆို ကျောင်းသူကျောင်းသားက ၃၀ ရာခိုင်နှုန်း ၄၀ လောက် ပါတယ်။ ကျန်တာကတော့ ဟုတ်တယ်၊ ဆိုက်ဒ်စုံပဲ၊ အသက်အရွယ်မရွေးလို့ ပြောလို့ရတာပေါ့” လို့‌ ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရှားတောမြို့နယ်မှာတော့ ငှက်ဖျားကာကွယ်ရေး ဆေးပစ္စည်းတွေ ပြတ်တောက်တော့မဲ့ အခြေအနေတွေရဲ့ ရင်ဆိုင်နေရပါတယ်။

မိုးရာသီကာလဖြစ်တဲ့ ဇွန်လကနေ အောက်တိုဘာလအတွင်းမှာ ကူးစက်မှုနှုန်း အဆမတန် မြင့်တက်လေ့ရှိတဲ့ ကာလဖြစ်ပြီး စစ်တပ်စစ်ကြောင်းရဲ့ လမ်းပိတ်ဆို့မှုတွေ၊ လွိုင်ကော်မြို့ထဲကနေ မြို့ပြင်ကို ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားရမှုတွေကြောင့် စစ်ရှောင် ၇၀၀ နီးပါးရှိနေတဲ့ ရှားတောစစ်ရှောင် အမှတ် ၁ စခန်းမှာ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတာလို့ ရှားတောမြို့နယ်ရဲ့ ကျန်းမာရေးတာဝန်ခံက DVB ကို ပြောပါတယ်။

“တရက်ကို လူနာက အယောက် ၃၀ လောက်လာရင် ၅ ယောက် ၆ ယောက်တော့ ပါတယ်။ အနိမ့်ဆုံးတော့ ၂ ယောက် ၃ ယောက် ပါတယ်။ စစ်ရှောင်အမှတ် ၁ မှာ ပိုအဖြစ်များတယ်။ ဆေးကတော့ ပြတ်နေတယ်။ ကျမတို့ Primaquine စီကျူ (CQ) ကတော့ ရှိတယ်၊ Primaquine က ပြတ်နေတယ်။ အဲဒါ ကျမ IEC (ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ) ကို လာတောင်းလိုက်တော့ ကျမကို Primaquine မရှိဘူးတဲ့။ ကျမတို့ Primaquine က ပြတ်ခါနီးပြီ၊ နည်းနည်းပဲ ကျန်တော့တယ်။”

ငှက်ဖျားပိုးဟာ အချိန်မီ ဆေးဝါးမကုသနိုင်ပါက ပြင်းထန် ဦးနှောက်ငှက်ဖျားအဆင့်အထိ ရောက်ရှိနိုင်ပြီး ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပွားနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

ဒါကြောင့် လက်ရှိ ဆေးခြင်ထောင်၊ ခြင်လိမ်းဆေးနဲ့ ငှက်ဖျားကာကွယ်ကုသရေး ဆေးဝါး လိုအပ်ချက် ရှိနေတဲ့ နေရာတွေကို အရေးပေါ် ဝိုင်းဝန်းကူညီပေးကြဖို့ ကရင်နီစစ်ရှောင်ပြည်သူတွေက တောင်းဆိုထားကြပါတယ်။

မောရစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013