
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းတာတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက်ကို ဝါရင့်နိုင်ငံရေးသမားတွေ ဦးဆောင်ပါဝင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) က မတ် ၃၁ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
PCB အဖွဲ့ကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး တို့က ဦးဆောင်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
PCB ရဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အပြင် လူငယ်တွေကို ပေါ်တာဆွဲတာတွေနဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းတာ တွေ လုံးဝမပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို အာမခံဖို့၊ အရပ်သားတွေ ထိခိုက်စေမဲ့ စစ်ရေးဆောင်ရွက်ချက်တွေနဲ့ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနဲ့ ကျောင်းတွေကို တိုက်ခိုက်တာတွေ ရှောင်ရှားဖို့၊ CDM ဝန်ထမ်းတွေအပေါ် အရေးယူမှုတွေ မလုပ်ဖို့နဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်နဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ မပိတ်ပင်ဖို့လည်း တောင်းဆိုထားပါတယ်။
အလားတူ စစ်ဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ပေးဖို့ လိုတယ်လို့ PCB က ပြောဆိုထားပြီး ပြည်ပရောက်နေသူတွေကိုလည်း ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်အောင် စီစဉ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါတွေအတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေပါ ပါဝင်ပူးပေါင်းဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မဖြစ်မနေ လိုအပ်တယ်လို့ PCB က ထောက်ပြထားပါတယ်။
အဲဒီလို ဆွေးနွေးပွဲတွေကနေသာ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံနိုင်မဲ့ ဖွဲ့စည်းပုံအသစ်တခု ထွက်လာနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ PCB က ထုတ်ပြန်ထားပါတယ်။
အလားတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ရည်ရွယ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုဖွဲ့စည်းကြောင်း တိုင်းရင်းသား လက်နက်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း မတ် ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။








