
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်မှာ ပလပ်ခုံ အပူလွန်ကဲရာက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီကနေ သိရပါတယ်။
မေ ၂၄ ရက်၊ မနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ ၁၀၊ လမ်းသွယ် ၂၂ ရှိ၊ အိမ်အမှတ် ၁၇၆ မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး စုစုပေါင်း နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။
မီးသတ်ရာမှာပါဝင်တဲ့ ဒေသခံတယောက်က “မိန်းပလပ်ခုံ အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်တာ။ ဦးရှိုင်းထက်အောင် အိမ်ကနေ မီးလောင်မှု စတင်ဖြစ်တာ။ မီးလောင်မှုအားကောင်းပေမဲ့ ၁၀ နာရီ ၅၅ မိနစ်လောက်မှာ မီးလုံးဝငြှိမ်းနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ မြေစိုက် တထပ်အိမ် ၃ လုံး၊ ပျဉ်းခင်း ၂ ထပ်အိမ် ၂ လုံး၊ စုစုပေါင်း လူနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
မီးလောင်မှုကို မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ စုစုပေါင်း အင်အား ၃၀ လောက်က မီးငြှိမ်းသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေ၊ စုစုပေါင်း ၇ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးရှိုင်းထက်အောင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။










