DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ဖမ်းဆီးချုပ်နှောင်ထားသည့်အပေါ်  ထိုင်းနိုင်ငံကြိုဆို 
DVB
·
May 2, 2026
Photo: သန့်ဇင်
Photo: သန့်ဇင်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က နေအိမ်တအိမ်မှာ ပြောင်းရွှေ့ ဖမ်းဆီးချုပ်နှောင်ထားလိုက်တဲ့အပေါ် ထိုင်းနိုင်ငံက ကြိုဆိုလိုက်ပြီး ဒါဟာ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတခု ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အာဏာရှင်က  သတ်မှတ် နေအိမ်တလုံးမှာ ပြောင်းရွှေ့ချုပ်နှောင်ထားလိုက်တယ်လို့ ကဆုန်လပြည့်ညမှာ ထုတ်ပြန် လိုက်တာနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ရချဒါ ဒါနဒီရက်ခ်က မေ ၁ ရက်မှာ ပြောကြားခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ 

ဒီလုပ်ဆောင်ချက်ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို လှမ်းလိုက်တဲ့ ခြေလှမ်းတရပ်အဖြစ် ရှုမြင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူပြုစေဖို့ မြန်မာနိုင်ငံနဲ့ တဖြည်းဖြည်းချင်းချင်း အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမယ် လို့လည်း ပြောပါတယ်။  (Rachada Dhnadirek)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအန်ကေကေအိုဟာ ဧပြီ ၂၂ ရက်က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ နောက်ထပ် အပြုသဘောဆောင်တဲ့ အစီအမံတွေ ဆက်လက်ရှိလာနိုင်တယ်လို့ ပြောဆိုခဲ့ကြောင်းလည်း  မစ္စ ရချဒါက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ထားတယ်လို့ စစ်အာဏာရှင်က ကြေညာခဲ့ပေမဲ့ လက်ရှိ အချိန်ထိ ဘယ်နေရာမှာ ထားမယ်ဆိုတာကို ပါတီဝင်တွေလည်း မသိရသေးဘူးလို့ NLD ပါတီဝင် တယောက်က ပြောပါတယ်။

“အခုထိ ဘယ်မှာထားမယ် ဆိုတာတော့ မသိသေးဘူး။ ရန်ကုန်အိမ်မှာ ထားနိုင်ဖို့လည်း မရှိဘူး။ နေပြည်တော်မှာပဲ ထားမှာ။ ရှေ့နေအဖွဲ့နဲ့က သူ့အမှုတွေ ပြစ်ဒဏ်ချပြီးချိန်ကတည်းက မတွေ့ရတော့ဘူး။ အဲဒီနောက်ပိုင်းတော့ ရှေ့နေအဖွဲ့တွေကတော့ ထောင်ဝင်စာကို ရဲစခန်းကိုပို့၊ ရဲစခန်းကနေ သူတို့လာယူ အဲဒီလိုပဲရှိတာ၊ တွေ့ခွင့်မရဘူး။ အခုလည်း ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့် ရ မရ ကတော့ သေချာမသိသေးဘူး။”

ရှေ့နေအဖွဲ့ဟာ မနက်ဖန် တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံမယ်လို့ ရိုက်တာသတင်းတပုဒ်မှာတော့ ဖော်ပြထားပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်တဲ့ ကင်မ်အဲရစ်ခေါ် ကိုထိန်လင်းကလည်း သူ့ရဲ့မိခင် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်း လှုပ်ရှားမှုကို ကမ္ဘာတဝန်းမှာ ပြုလုပ်နေပါတယ်။

စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတပုံကိုသာ ထုတ်ပြန်ခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအသိုက်အဝန်း ကလည်း စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြပေးဖို့ တောင်းဆိုနေကြပါတယ်။

ပြည်တွင်းနိုင်ငံရေးသမားတယောက်က “၂၀၂၂ လောက်က သမ္မတဦးဝင်းမြင့်နဲ့အတူ အမှုရင်ဆိုင်နေတဲ့ ပုံက လွဲပြီး ထပ်တွေ့ရတာ မရှိဘူး။ မနေ့က ထုတ်ပြန်တဲ့ပုံကလည်း ဘယ်တုန်းက ရိုက်ထားတာမှန်း မသိရတဲ့အတွက် ကျန်းမာရေးကောင်းကြောင်း ပြနိုင်ဖို့ လတ်တလော ရိုက်ထားတဲ့ ရုပ်သံဗီဒီယိုဖိုင်လိုမျိုး ပြနိုင်ဖို့လိုပါတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁ ပုဒ်မခွဲ ၁ အရ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့နေအိမ်မှာ ဆက်လက်ကျခံစေဖို့ ပြောင်းလဲ သတ်မှတ် ပေးလိုက်တယ်လို့ MRTV ရုပ်သံက ကဆုန်လပြည့် ည ၈ နာရီသတင်းမှာ ထုတ်ပြန်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက် အစောပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာကို စစ်တပ် က လက်ရှိအချိန်အထိ ထုတ်ပြောတာ မရှိသလို အခု ပြောင်းရွှေ့မဲ့နေရာကိုလည်း ထုတ်ဖော် ပြောကြားတာ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ လွတ်ငြိမ်း၊ ပြစ်ဒဏ်လျှော့ပေါ့ခွင့်တွေ ပေါင်းရင်တောင် ထောင်ဒဏ် ၁၃ နှစ်ကျော် ကျန်ရှိနေသေးတယ်လို့ ဥပဒေကျွမ်းကျင်သူက ခန့်မှန်း ပြောပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့ ပုဒ်မ ၂ ခု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) စတဲ့ပုဒ်မတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့တာပါ။

၂၀၂၃ ခုနစ်၊ ဩဂုတ် ၁ ရက်က အမှု ၅ မှုအတွက် ၆ နှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်က လွတ်ငြိမ်းခွင့်မှာ ခြောက်ပုံတပုံနဲ့ လက်ရှိ ထပ်မံလျှော့ပေးချက်အရ ထောင်ဒဏ် ၁၈ နှစ် ၉ လ ကျခံရဖို့ ကျန်ရှိနေတာပါ။

အာဆီယံအပါအဝင် ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာ့နှစ်သစ်ကူးကာလအတွင်း သမ္မတ ဦးဝင်းမြင့်အပါအဝင် လွတ်ငြိမ်းခွင့်ပေးတဲ့ အပေါ်မှာလည်း  ကြိုဆိုတယ်လို့ဆိုပါတယ်။

သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေတဲ့ နေပြည်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် လက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်တာ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖော်ဆောင်နေတဲ့ ကတိကဝတ်တွေကို ထိုင်းနိုင်ငံက ထောက်ခံတယ်လို့ မစ္စ ရချဒါက ပြောပါတယ်။

"ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာပြည်သူတွေနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် အာဆီယံ မူဘောင်အတွင်းကနေ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိအောင် တဖြည်းဖြည်းချင်းနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု နည်းလမ်းကို ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး ထိခိုက်ခံစားရသူတွေကို ကူညီဖို့ ထိုင်းနိုင်ငံက အာဆီယံနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013