
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေ ကြောင်းသက်သေပြဖို့ တောင်းဆိုတဲ့ “Proof of life” လှုပ်ရှားမှုကို ဒေသစံတော်အချိန် မေလ ၁၀ ရက် နိုင်ငံတကာမိခင်များနေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြပါတယ်။
ဗန်းကူးဗားမြို့လယ်ခေါင် Science World အနီးပြုလုပ်တဲ့ ဒီလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားကျန်းမာပြီး အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်စေဖို့ဆုတောင်းပေးခဲ့ကြပြီး လူထုခေါင်းဆောင်အပါအဝင် မတရားဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က ဖမ်းဆီးထားပြီး သတ်မှတ်နေအိမ်တအိမ်မှာ ပြောင်းရွေ့ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့အများယုံကြည်ရတဲ့ သက်သေပြနိုင်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်က ဦးဆောင်ပြီး Proof of life ကမ်ပိန်းကို ပြုလုပ်နေတာမှာ ကမ္ဘာ့နိုင်ငံ အသီးသီးက မြန်မာပြည်သူတွေလည်း ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။











