အီရတ်နိုင်ငံ၊ နာဂျက်ဖ်မြို့မှာ မေ ၁၈ ရက်က ဖုန်မုန်တိုင်းတခု တိုက်ခတ်သွားခဲ့လို့ လမ်းမြင်ကွင်းတွေ မှုန်ဝါးသွားခဲ့သလို လူတွေလည်း အသက်ရှူရခက်ခဲတဲ့ ဝေဒနာတွေ ခံစားခဲ့ရပါတယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါ အခံရှိသူတွေဟာ ဆေးရုံတက်ခဲ့ကြရပါတယ်။
လမ်းမတွေပေါ်မှာ ဖုန်မှုန့်တွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေခဲ့ပြီး အယ်လ်ဟာကီးမ် ဆေးရုံရဲ့ အရေးပေါ်ဌာနထဲမှာ လူနာတွေ ပြည့်နှက်နေခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အသက်ရှူဖို့ ရုန်းကန်နေရတဲ့ အမျိုးသားတွေကို ကုသပေးခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့ကြပါတယ်။
ဒေါက်တာ ဟူဆမ်ဟိုက်ဒါက “နာဂျက်ဖ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖုန်မုန်တိုင်းကြောင့် အသက်ရှူရခက်ခဲတဲ့ လူနာအရေအတွက် တိုးလာပါတယ်။ အထူးသဖြင့် ရင်ကျပ်ပန်းနာ ရှိသူတွေနဲ့ နာတာရှည် အဆုတ်အောင့်ရောဂါ (COPD) ရှိသူတွေပေါ့။ ဒီလိုလူနာတွေက ဒီလိုရာသီဥတု အခြေအနေမျိုးကို မခံနိုင်ကြပါဘူး” လို့ ပြောပါတယ်။
ဆေးရုံအနေနဲ့ အသင့်ပြင်ဆင်ထားပြီး ကုသမှုတွေ ပေးနေပေမဲ့လည်း ဒီလိုရာသီဥတု အခြေအနေမျိုးဟာ ကျန်းမာရေးကောင်းတဲ့သူရဲ့ အခြေအနေကိုတောင် ပိုဆိုးသွားစေနိုင်တာကြောင့် လူနာတွေကို စောင့်ကြည့်လူနာအဖြစ် ဆက်ထားထားရတယ်လို့လည်း ဒေါက်တာ ဟူဆမ်ဟိုက်ဒါက ပြောပါတယ်။
Source: Reuters










