
ဧပြီလကုန်မှာ တိုက်ခတ်တဲ့ အလွန်ထူးခြားတဲ့ နှင်းမုန်တိုင်းကြောင့် ရုရှားမြို့တော်က မော်စကို မြို့သားတွေဟာ ဧပြီ ၂၇ ရက်မှာ နှင်းတွေဖုံးနေတဲ့မြို့ကို မြင်တွေ့ခဲ့ရပါတယ်။
နှင်းကျပြီး လေပြင်းတိုက်ခတ်လို့ သစ်ပင်တွေ အများကြီး ကျိုးကျခဲ့ပြီး ကားတွေလည်း ပျက်စီး ခဲ့ပါတယ်။
ရာသီဥတုက ဒီလိုဖြစ်နေတာ သိပ်ကံမကောင်းဘူးလို့ လဲကျနေတဲ့ သစ်ပင်ရဲ့ အကိုင်းအခက်တွေ အောက်မှာ ကားကို မြင်ခဲ့ရတဲ့ ယာဉ်မောင်း အလက်ဇန္ဒားက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
စိုစွတ်နေတဲ့ နှင်းနဲ့ ရေခဲပြင်တွေကြောင့် မျက်နှာပြင်တွေ ချော်ထွက်နေတဲ့အတွက် မြို့တွင်း ခြေလျင် သွားလာဖို့ကလည်း မလွယ်ပါဘူး။
မြင်ကွင်းမကောင်းခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းကြောင့် မော်စကိုလေဆိပ်တွေမှာ လေယာဉ် ခရီးစဉ် ၅၀ ကျော်ကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
အရေးပေါ်ဌာနတွေက ရာသီဥတုခြိမ်းခြောက်မှု “လိမ္မော်ရောင်” အဆင့်ကို ကြေညာထားပြီး မော်စကို ဒေသက ရပ်ကွက် ၅၀ လောက်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုဆိုင်ရာ တရားဝင်အချက်အလက်တွေ မရှိသေးပါဘူး။
ရာသီဥတုခန့်မှန်းချက်အရ နှင်းနဲ့ မိုးရွာတာက အနည်းဆုံး နောက်ထပ် တရက် ကြာမယ်လို့ မျှော်လင့် ရပြီး အပူချိန် ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။
Source: Reuters










