
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်းက ကျေးရွာနှစ်ရွာ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ရောဂါဖြစ်ပွားသူ ၂၃၀ ကျော်ရှိနေတယ်လို့ အာရက္ခကျန်းမာရေးဌာနရဲ့ အချက်အလက်ကို ကိုးကားပြီး AA ပြန်ကြားရေးလက်အောက်ခံ အာရက္ခမင်းသမီး မီဒီယာမှာ ဖော်ပြပါတယ်။
ကျောက်ဖြူခရိုင်ဟာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ဒေသဖြစ်လို့ လေကြောင်း အန္တရာယ် ကြောင့် ရောဂါဖြစ်ပွားတဲ့ ကျေးရွာတွေနဲ့ နာမည်တွေကို အတိအကျ ဖော်ပြထားတာမျိုး မရှိပေမဲ့ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ တုပ်ကွေး၊ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာနဲ့ သာမန် အဆုတ်ရောင်ရောဂါတို့ ဖြစ်ပွားနေကြတာလို့ ကျန်းမာရေးဌာနက ဆိုထားပါတယ်။
ကျောက်ဖြူခရိုင်မှာ အဲဒီ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကျေးရွာ နှစ်ရွာက ဒေသခံ ၂၃၇ ယောက်ကို ဆေးစစ်ပြီး ကုသပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အာရက္ခ ကျန်းမာရေးဌာန တာဝန်ရှိသူတယောက်က ပြောထားပါတယ်။
အဲဒီရောဂါတွေဟာ ရောဂါပိုးရှိနဲ့ စကားပြောတာ၊ ချောင်းဆိုး၊ နှာချေတာက ထွက်လာတဲ့ တံတွေးတွေကတဆင့် တခြားသူတယောက်ထံကို ကူးစက်နိုင်သလို ပိုးရှိသူရဲ့ မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တို့ ထိမိတာတွေကတဆင့် ကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဌာနက အသိပေးထားပါတယ်။
အသက်ရှူလမ်းကြောင်းက ကူးစက်တတ်တဲ့ ရောဂါတွေဟာ မိုးတွင်းကာလမှာ အဖြစ်များတတ် တာကြောင့် အထူးသတိထားဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတယောက်က ပြောပါတယ်။
“အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ရောဂါတွေဆိုတာက မိုးတွင်းမှာ အဖြစ်များတဲ့ တုပ်ကွေး၊ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာနဲ့ သာမန် အဆုတ်ရောင်ရောဂါတို့ အဖြစ်များကြပြီး အထူးဂရုစိုက်ဖို့ လိုအပ်တယ်။ လေကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်တာကြောင့် ကလေးတွေနဲ့ ကိုယ်ခံအား ကျဆင်းနေတဲ့သူတွေဆို အထူးဂရုစိုက်သင့်တယ်။”
အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တဲ့ ရောဂါတွေဟာ ဖျားတာ၊ နှာစီး၊ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ ကိုက်လက်ကိုက်ခဲတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ၊ ရင်ဘတ် တင်းကျပ်တာတွေ စတဲ့လက္ခဏာတွေ ပြတတ်တယ်လို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။
ဒါ့အပြင် မှန်ကန်တဲ့ လက်ဆေးတာ၊ လက်မဆေးဘဲ မျက်စိနဲ့ နှာချောင်းတို့ကို ကိုင်တာ၊ ချောင်းဆိုးတာ၊ နှာချေတဲ့အခါ တစ်သျှူးနဲ့ အုပ်ထားတာ၊ လူစုလူဝေး ရှောင်ရှားတာနဲ့ ရောဂါဖြစ်ပွားနေသူကို ပြုစုတဲ့အခါ နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်တာမျိုးတွေ ပြလုပ်ပြီး ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ရမယ်လို့ ဆိုထားပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်တဲ့ရောဂါဖြစ်ပွားပြီး အသက်ရှူကျပ်လာတာ၊ ရင်ဘတ်အောင့်တာ၊ အဖျားမကျတာ စတဲ့ရောဂါလက္ခဏာ ပြင်းထန်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြန်ဆုံး ပြသဖို့နဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးကြဖို့ကိုလည်း အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။











