DVB Logo
Home
မြန်မာသတင်း
ဘဏ်များမှတဆင့် မိသားစုထံ အပြည့်အဝငွေလွှဲပို့ရမည့်အပေါ်  ရွှေ့ပြောင်းလုပ်သားများ အမြင်
သီရိ
·
August 31, 2026
Photo: MOFA
Photo: MOFA
Donate to DVB

ပြည်ပကို ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေက မြန်မာပုဂ္ဂလိကဘဏ်တွေကနေတဆင့် မိသားစုဆီ လွှဲပို့ငွေ အပြည့်အဝလွှဲပို့ဖို့ကို ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ကြပ်မတ်ပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ စစ်အာဏာရှင်အစိုးရရဲ့ အလုပ်သမားဝန်ကြီး ခင်မောင်စိုးက ပြောပါတယ်။

ဩဂုတ် ၂၉ ရက်က ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်က မြဝတီမီဒီယာစင်တာခန်းမမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေနဲ့ ပုဂ္ဂလိဂ္ဂဘဏ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတုန်းမှာ ပြောဆိုခဲ့တာပါ။

စစ်အာဏာရှင်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပအလုပ်သမား စေလွှတ်တဲ့နေရာမှာ စိစစ်ခွင့်ပြုဖို့၊ ပြည်ပအလုပ်သမား စေလွှတ်ရာမှာ အခက်အခဲအနည်းဆုံးဖြစ်စေဖို့ မလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဖြေလျှော့ပေးထားပြီး မဖြစ်မနေလိုအပ်တဲ့ အချက်တွေကိုသာ စိစစ်ခွင့်ပြုပေးနေတယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်အာဏာရှင်အစိုးရက ပုဂ္ဂလိကဘဏ်တွေကနေတဆင့်  မိသားစုဆီ လွှဲပို့ငွေပို့ခိုင်းတာဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ ငွေကြေးဆုံးရှုံးမှုများတယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။

ဩဂုတ် ၃၁ ရက် ပြင်ပငွေပေါက်ဈေးအရ ကိုရီးယားငွေတဝမ်ကို မြန်မာကျပ် ၃ ဒသမ ၁၈ ကျပ် ပေါက်ဈေးရှိနေပေမဲ့ စစ်အာဏာရှင်အစိုးရ သတ်မှတ်ဈေးကတော့ တဝမ်ကို မြန်မာငွေ ၁ ဒသမ ၅၂ ကျပ်သာရှိပြီး ငွေဈေးက ၁ ရာ ရာခိုင်နှုန်းကျော် ကွာခြားချက်ရှိနေတဲ့အတွက် ပြင်ပကနေ မြန်မာပြည်ကို ဝမ်တသိန်း ငွေလွှဲရင် ကျပ် ၃၁၈,၀၀၀ ကျော် ရပေမဲ့ ဘဏ်တွေကနေ မြန်မာပြည်ကို ဝမ်တသိန်း ငွေလွှဲရင် ၁၅၂,၀၀၀ ကျပ်သာရှိမှာ ဖြစ်ပါတယ်။

ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “ငွေဈေးနှိမ်တဲ့ပြဿနာပေါ့နော်၊ နောက်တခုကတော့ အလုပ်သမားအများစုရဲ့ မိသားစုက နယ်ဘက်တွေမှာ များတယ်။ အဲဒီတော့ ဘဏ်ကိုသွားပြီး ငွေသားထုတ်ယူတဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်။ ဒီဟာကို အလုပ်သမားအခွင့်အရေးဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်။ ILO စံနှုန်းတွေအရ ဆိုရင်လည်း ရတဲ့လစာကို မိမိစိတ်ကြိုက် စီမံပိုင်ခွင့်ရှိရမယ်၊ အခုလိုမျိုး အတင်းအကျပ် မဖြစ်မနေ လွှဲရမယ်၊ မလွှဲရင် ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါ စစ်ကောင်စီဆီက ဝန်ဆောင်မှုတွေ ပိတ်ပင်မယ်လို့ ခြိမ်းခြောက်တာတွေက လွတ်လပ်စွာ သွားလာခွင့်နဲ့ အသက်မွေးဝမ်းကျောင်း ဆောင်ရွက်ခွင့်တွေကို ပိတ်ပင်နေတာ” လို့ ပြောပါတယ်။

ပြည်ပရောက်လုပ်သားတွေဟာ စစ်အာဏာရှင်အစိုးရဆီကို သူတို့ရတဲ့ လုပ်ခလစာရဲ့ ၂ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ပြီးတဲ့အပြင် အစိုးရသတ်မှတ်ဈေးနဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းကို မဖြစ်မနေ ပြန်လည်လွှဲပေးနေရတာပါ။

အဲဒီလို မလွှဲပေးတဲ့အခါ အလုပ်သမားတွေကို ပတ်စ်ပို့စာအုပ်သက်တမ်း မတိုးပေးတာ၊ သက်တမ်းတိုးပေးရင်လည်း ၅ နှစ်စာ အခွန်တွေကို ပေါင်းပြီးပေးဆောင်ရတာတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ အများဆုံး နေထိုင်အလုပ်လုပ်ကိုင်တဲ့ ထိုင်းနိုင်ငံမှာလည်း ထိုင်းအစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေကို ဥပဒေအမျိုးမျိုးထုတ်ပြီး ဖိနှိပ်နေချိန်မှာ စစ်အာဏာရှင်အစိုးရဘက်ကပါ အခုလို ပြောဆိုလိုက်တဲ့အတွက် မြန်မာရွှေ့ပြောင်းတွေအနေနဲ့ ပိုပြီး အခက်အခဲတွေ ရင်ဆိုင်လာရနိုင်တယ်လို့ မြန်မာလုပ်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက ပြောပါတယ်။

“အခုဆို ထိုင်းအစိုးရရဲ့ ဥပဒေတွေ တခုပြီးတခုတိုးပြီးတော့ နောက်ဆုံး ဥပဒေသ ၆ ကိုပါဝင်တဲ့ အင်မတန် ကျပ်တည်းကျဉ်းမြောင်းတဲ့ ဘေးကြပ်နံကြပ် အခြေအနေမျိုး ပြည်နှင်ဒဏ်ခံရမဲ့ အခြေအနေမျိုးရှိနေတဲ့ အချိန်မှာ ဒီစကားကို ပြောသင့်၊ မပြောသင့်ဆိုတာ စဉ်းစားသင့်ပါတယ်၊ လူတွေ မျက်ဖြူဆိုက်မှ စကစ အကြိုက်ဖြစ်မှာလား၊ လူတွေ ဒုက္ခရောက်ပြီး ကျောက်ခဲရေညှစ် ငွေမျိုးကိုမှ လိုချင်ကြသလားဆိုတာ သူတို့ကို မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။”

စစ်အာဏာရှင်အစိုးရက ပြည်ပလုပ်သားတွေကို အခုလို ပြည်တွင်းကို သူတို့သတ်မှတ်ထားတဲ့ ဘဏ်တွေကနေတဆင့် ငွေပြန်လွှဲခိုင်းနေတာဟာ သူတို့ရဲ့ နိုင်ငံခြားငွေ လိုအပ်မှုကို ဖြည့်ဆည်းချင်တာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ 

စစ်အာဏာသိမ်းမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံပြင်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ ထိုင်းနိုင်ငံမှာ ၇ သန်းဝန်းကျင်၊ မလေးရှားနိုင်ငံမှာ ၁ သန်းဝန်းကျင်နဲ့ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဒူဘိုင်း၊ အိုမန် စတဲ့ နိုင်ငံတွေပါ အပါအဝင်ဆိုရင် ရွှေ့ပြောင်းလုပ်သား ၁၀ သန်းကျော်အထိ ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013