
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ (EU) က တောင်းဆိုလိုက်ပါတယ်။
ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒ ပြောရေးဆိုခွင့်ရှိသူ အနီတာ ဟစ်ပါက သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ကနေ တောင်းဆိုလိုက်တာလို့ EU မြန်မာရုံးက ဧပြီ ၂၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့ ကြေညာချက်နဲ့ သေဒဏ်ချမှတ်ခံထားရသူ အများအပြားကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာကို ကြိုဆိုတယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ထိရောက်စွာ ဖိအားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အပါအဝင် အဖွဲ့အစည်း ၅၈ ဖွဲ့က ဒီနေ့ Blue Shirt ကမ်ပိန်း လုပ်ပြီးစုပေါင်း တောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “ Proof of Life” လှုပ်ရှားမှုကိုလည်း သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင် စတင်ပြုလုပ်နေပါတယ်။











