DVB Logo
Home
နိုင်ငံတကာ
အီဂျစ်တွင် ရှေးဟောင်း ဘုရင့်ဂူဗိမာန် ၂ ခုကို ပြသ
DVB
·
May 16, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အီဂျစ်အာဏာပိုင်တွေဟာ မေ ၁၄ ရက်က လပ်ခ်စော်ရ်မြို့ရှိ တူတန်ခါမန် ဘုရင်ရဲ့ဂူဗိမာန်ကို ပိတ်ဆို့ ထားခဲ့တဲ့ အင်္ဂတေနံရံတခုကို ပြသခဲ့ပါတယ်။ 

ဖာရိုဘုရင်တွေရဲ့ သင်္ချိုင်း ဂူဗိမာန် အတော်များများဟာ ဖောက်ထွင်းခိုးယူခံခဲ့ရတာကြောင့် ဒီနံရံဟာ အီဂျစ်မှာရော ကမ္ဘာပေါ်မှာပါ နောက်ထပ် တခုမရှိတဲ့ ထူးခြားတဲ့ ရှေးဟောင်းပစ္စည်းတခုပါလို့ လပ်ခ်စော်ရ် ရှေးဟောင်းပစ္စည်းဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အဗ္ဗဒလ်ဂက်ဖှာဝဂ်ဒီက ပြောပါတယ်။ 

ဒါဟာ တူတန်ခါမန်ရဲ့ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်အကြာမှာ ပထမဆုံး အကြိမ်အဖြစ် ပြသနိုင်တဲ့ တခုတည်းသော ရှေးဟောင်းပစ္စည်းဖြစ်ပါတယ်။ 

ကမ္ဘာက တခါမှ မမြင်ဖူးသေးဘဲ ကြွင်းကျန်ရစ်တဲ့ ဒီနံရံကို အီဂျစ်အဖွဲ့က မကြာသေးခင်ကမှ ပြန်လည်တည်ဆောက်ခဲ့တာပါ။ 

အီဂျစ်ခရီးသွားလာရေးနဲ့ ရှေးဟောင်းပစ္စည်းဝန်ကြီးဌာနရဲ့ အဆိုအရ ဒီအင်္ဂတေနံရံဟာ ၁၉၂၂ ခုနှစ် က ဗြိတိသျှ ရှေးဟောင်းသုတေသနပညာရှင် ဟောင်းဝဒ်ကာတာ ရှာဖွေတွေ့ရှိခဲ့တဲ့ တူတန်ခါမန် ဂူသင်္ချိုင်းရဲ့ တံဆိပ်ခတ်နှိပ် ပိတ်ဆို့မှုတွေထဲမှာ အထင်ရှားဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ 

လပ်ခ်စော်ရ် ပြတိုက်မှာ ပထမဆုံးအကြိမ် ပြသထားတဲ့ ဒီနံရံဟာ အလောင်းတော်ထားရှိရာ အခန်းရဲ့ အဝင်ပေါက်တွေကို လုံခြုံအောင်ပိတ်ထားဖို့ အသုံးပြုခဲ့တာဖြစ်ပြီး အဲဒီအပေါ်မှာ အသုဘ အခမ်းအနား ထုံးတမ်းစဉ်လာတွေနဲ့ ဘုရင်ကြီးရဲ့ သင်္ဂြိုဟ်မှုပြုခြင်းဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်တွေ ရဲ့ တရားဝင်တံဆိပ်တွေ ရိုက်နှိပ်ထားပါတယ်။ 

ဒါ့အပြင် ဒီနံရံမှာ တူတန်ခါမန်ရဲ့ တံဆိပ်တော်တွေနဲ့အတူ ဂူသင်္ချိုင်းကို သူခိုးရန်ကနေ ကာကွယ် စောင့်ရှောက်ရတဲ့ ဂူစောင့်တပ်ဖွဲ့တွေရဲ့ တံဆိပ်တွေကိုပါတွေ့ရတယ်လို့ ဝဂ်ဒီက ဆိုပါတယ်။ 

ဒါ့အပြင် ဘုရင့်နိုင်ငံတော်သစ် ခေတ်ကာလကတည်းက မြို့ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိခဲ့ပြီး နေ့စဉ်ဘဝနဲ့ သင်္ချိုင်းအခမ်းအနားဆိုင်ရာ ပန်းချီပုံရိပ်တွေ ပါဝင်တဲ့ ရှေးဟောင်းသင်္ချိုင်းဂူ ၂ ခုကို လည်း ပြန်လည်ပြုပြင်ပြီး အသစ်ဖွင့်လှစ်ပြသခဲ့ပါတယ်။ 

အီဂျစ် ရှေးဟောင်းပစ္စည်းကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဟီရှမ်း အလ်လေ့သီက "၂၀၁၅ ခုနှစ်က တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့ရှိခဲ့တဲ့ အလွန်အရေးကြီးတဲ့ ဂူ ၂ ခုကို ဖွင့်လှစ်ပေးလိုက်ပြီ" လို့ ပြောပါတယ်။ 

အဲ့ဒီဂူ ၂ ခုကတော့ အာမွန်နတ်ဘုရားကျောင်းရဲ့ တံခါးစောင့်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၈ ဆက်မြောက် မင်းဆက်က ရာဘူယနဲ့ သူ့သား ဆမွတ်တို့ရဲ့ ဂူတွေဖြစ်ပြီး အဲဒီဂူသင်္ချိုင်းတွေရဲ့ နံရံတွေမှာတော့ ရှေးခေတ်က စိုက်ပျိုးရေး၊ ရိတ်သိမ်းမှု၊ လက်မှုပညာ၊ မုန့်ဖုတ်တာ၊ အိုးလုပ်တာနဲ့ ဝိုင်ထုတ်လုပ်တာစတဲ့ လုပ်ငန်းဆောင်တာပုံရိပ်တွေကို တွေ့မြင်နိုင်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013