
မကွေးတိုင်း မြိုင်မြို့နယ်၊ သင်းမပျူစောထီးရွာကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ အစောပိုင်းကတည်းက ပခုက္ကူတပ်မ ၁၀၁ က စစ်အာဏာရှင်တပ်သားအင်အား ၁,၀၀၀ ကျော်က မြိုင်မြို့နယ်ကို ရောက်ရှိပြီး ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
အဲ့ဒီစစ်ကြောင်းက ဇူလိုင် ၂၁ ရက်မှာ သင်းမကျေးရွာကို ရောက်ရှိပြီး အဲ့ဒီနေ့နဲ့ ဇူလိုင် ၂၂ ရက်နေ့ ၂ ရက်လုံး ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာထဲကနေ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်အာဏာရှင်တပ်သားတွေက ရွာထဲမှာ ရှိနေတဲ့အတွက် မီးလောင်တဲ့ နေအိမ်အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
သင်းမရွာအနီးမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေလို့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်လုပ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
သင်းမရွာနဲ့ ၂ မိုင်ဝန်းကျင်ဝေးတဲ့ ထန်းရင်းကုန်းရွာခံတယောက်က “အိမ်တွေကတော့ ပြန်ကြည့်လို့မ ရသေးပါဘူး၊ သူတို့ရောက်တဲ့နေ့ကတည်းက ရှို့နေတာပဲ။ စစ်သားတွေက ရွာထဲမှာ ပိတ်မိနေတဲ့ သဘောဖြစ်တာပေါ့နော်။ လေယာဉ်ကတော့ သင်းမနဲ့ ရွာသစ်ကြီးကြားရယ်၊ သင်းမ ပတ်ချာလည် ကို ဆက်တိုက်ကြဲနေတာပေါ့။ တိုက်ပွဲကတော့ ၂၂ ရက်နေ့တ တနေကုန်ဖြစ်နေတာ နားလိုက်ဖြစ် လိုက်ပဲ၊ လက်နက်ကြီးတွေလည်း ပစ်နေတော့လေ” လို့ ပြောပါတယ်။
မြိုင်မြို့နယ်ကို ၂ လဝန်းကျင် ရွာစဉ်ပတ်သွားနေတဲ့ အဲ့ဒီစစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီး သတ်ဖြတ်တာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူအယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့ ရတယ်လို့ စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။










