
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည် လောင်းကစား၊ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၄ ယောက်ကို လုပ်ငန်းသုံးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၀ ရက်မှာ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေက ဆီးဆောကျေးရွာအနီး ရှာဖွေစစ်ဆေးခဲ့ရာကနေ ကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂,၅၀၀ လောက်အကွာမှာ တရုတ်နိုင်ငံသား ၁၇ ယောက်ကို ပထမဆုံး ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီလူတွေဆီကနေ Laptop ၂၅ လုံး၊ Starlink ၁၀ စုံ၊ Power Station ၆ လုံး၊ Wi-Fi U6 Pro ၆ ခုနဲ့ မီးစက် ၂ လုံးတို့အပြင် ယာယီအလုပ်ရုံနဲ့ လူနေတဲတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဆက်လက်ရှာဖွေစစ်ဆေးရာ ဆီးဆောကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂,၀၀၀ လောက် အကွာကနေ တရုတ်နိုင်ငံသား ၁၁ ယောက်နဲ့ ကျေးရွာတောင်ဘက် မီတာ ၁,၇၀၀ လောက် အကွာကနေ နောက်ထပ် ၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၃၄ ယောက် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အခုလို နိုင်ငံခြားသားတွေ အုပ်စုလိုက် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းကနေ လုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ ဖြစ်စဉ်တွေဟာ ဒေသတွင်း လုံခြုံရေးနဲ့ လူမှုရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လဲချားဒေသခံတယောက်က ပြောပါတယ်။
“အခု ဖမ်းမိတဲ့နေရာတွေက ရွာထဲမှာ တိုက်ရိုက်လုပ်တာမျိုး မဟုတ်ဘဲ ရွာနဲ့ ခပ်ဝေးဝေးမှာ ယာယီအဆောက်အအုံတွေ ဆောက်ပြီး လုပ်နေတဲ့ပုံစံမျိုးဆိုတော့ ဒေသခံတွေအနေနဲ့ အပြည့်အဝ မသိနိုင်ဘူး။ အပြင်က လူတွေ ဝင်လာပြီး ဘာတွေ လုပ်နေကြလဲ ဆိုတာကိုလည်း စောင့်ကြည့်ဖို့ ခက်တယ်။ အခုလို Laptop တွေ၊ Starlink တွေ၊ မီးစက်တွေ အများကြီးနဲ့ လုပ်ငန်းတခုလို စုစည်းပြီး လုပ်နေတယ်ဆိုရင် တဦး တယောက်တည်း လုပ်တာမျိုးတော့ မဟုတ်နိုင်ဘူးလို့ သေချာပါတယ်။”
အွန်လိုင်းလိမ်လည်မှုတွေဟာ ဒေသတွင်းမှာပဲ သက်ရောက်တာမဟုတ်ဘဲ နိုင်ငံဖြတ်ကျော်ပြီး လူအများကို ထိခိုက်စေနိုင်တာကြောင့် ဖမ်းဆီးမှုတခုတည်းနဲ့ မပြီးဘဲ နောက်ကွယ်က စီမံသူတွေ၊ ငွေကြေးစီးဆင်းမှုတွေနဲ့ လူတွေကို ခေါ်ယူပေးနေသူတွေကိုပါ ဆက်လက်ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ဒေသခံက ပြောပါတယ်။
“ကျားဖြန့်ဆိုတာ အွန်လိုင်းပေါ်မှာ လုပ်တာဖြစ်လို့ ဒီနေရာမှာလုပ်ပြီး ဒီနေရာကလူတွေကိုပဲ ထိခိုက်တာ မဟုတ်ဘူး။ နိုင်ငံခြားကလူတွေကိုပါ လိမ်နိုင်တဲ့အတွက် နိုင်ငံတကာအထိ သက်ရောက်နိုင်တယ်။ ဒါကြောင့် ဒီမှာရှိတဲ့လူတွေကို ဖမ်းလိုက်ရုံနဲ့ ပြီးသွားတာထက် ဘယ်ကနေ ခေါ်လာတာလဲ၊ ဘယ်သူတွေက စီစဉ်ပေးတာလဲ၊ ငွေကြေးတွေ ဘယ်လိုလည်ပတ်နေလဲဆိုတာကိုပါ ဖော်ထုတ်နိုင်မှ ဒီလိုလုပ်ငန်းတွေ ထပ်မဖြစ်အောင် တားဆီးနိုင်မယ်လို့ မြင်တယ်။”
ဒါ့အပြင် လဲချားလို နယ်စပ်ဒေသတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ ပြည်ပနိုင်ငံသားတွေ ဝင်ရောက်သွားလာနေထိုင်မှုတွေကို သက်ဆိုင်ရာအဖွဲ့တွေက ထိရောက်စွာ စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၃၄ ယောက်ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ စစ်အာဏာရှင်တပ်က ထုတ်ပြန်ထားပါတယ်။










