လဲချားတွင် တရုတ်နိုင်ငံသား ကျားဖြန့် ၂၃ ဦးကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်ဆန့်ကျေးရွာအနီးမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ယောက်ကို လက်နက်၊ ခဲယမ်းတွေနဲ့ အွန်လိုင်းလုပ်ငန်းသုံး ပစ္စည်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ သတင်းရရှိတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လဲချားမြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဝမ်ဆန့်ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၃,၄၀၀ ခန့်အကွာမှာ အလုပ်ရုံတခု၊ ယာယီလူနေတဲတလုံးနဲ့ စားဖိုဆောင် တဆောင်ကို တွေ့ရှိခဲ့ပြီး အဲဒီနေရာတွေမှာ တရုတ်နိုင်ငံသား ၂၃ ယောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေထံက မောင်းပြန်သေနတ် ၃ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်အပြင် Starlink Gen3 ၂ လုံး၊ All-in-One ကွန်ပျူတာ ၁ လုံး၊ ဖုန်းမျိုးစုံ ၃၇ လုံး၊ Router ၂ ခုနဲ့ Solar Battery ၁ ခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က ‘’ဒီလို လက်နက်တွေပါ တွေ့ရတယ်ဆိုတော့ ဒေသခံတွေက စိတ်မအေးကြဘူး။ ကျားဖြန့်လုပ်ငန်းတွေ ရှိနေတယ်ဆိုတာကိုလည်း စိုးရိမ်ရသလို လက်နက်တွေပါ ရှိနေတဲ့အခါ ပိုပြီးကြောက်ကြတာပေါ့။ ဒီလူတွေ ဘယ်ကနေဝင်လာကြတာလဲ၊ ဒီနေရာမှာ ဘယ်လောက်ကြာကြာ လုပ်နေကြတာလဲ၊ နောက်ထပ် ဒီလိုနေရာတွေ ရှိနေသေးလားဆိုတာလည်း မသိရဘူး။ ဒေသခံတွေကတော့ ကိုယ့်ဒေသမှာ ဒီလိုအခြေအနေတွေ ဖြစ်နေတာကို စိုးရိမ် နေကြတယ်” လို့ ပြောပါတယ်။
လက်ရှိ ဖမ်းဆီးရမိသူတွေကို စစ်ဆေးနေပြီး စစ်ဆေးပြီးပါက တည်ဆဲဥပဒေတွေအရ အရေးယူ သွားမယ်လို့ စစ်အာဏာရှင်တပ်က ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေကတော့ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေကိုသာ အရေးယူတာမျိုး မဟုတ်ဘဲ ဒီလုပ်ငန်းတွေကို နောက်ကွယ်ကနေ စီစဉ်ပေးနေသူတွေ၊ ငွေကြေးထောက်ပံ့သူတွေနဲ့ ပါဝင်ပတ်သက်နေသူတွေကိုပါ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဖို့ လိုအပ်တယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။











