
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်မှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၅ ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက် မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
လဲချားမြို့နယ်၊ ဝမ်ပန်အုပ်စု၊ နောင်လုံကျေးရွာရဲ့ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှာ ကျားဖြန့်လုပ်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို ဖမ်းမိတာဖြစ်ပြီး အဆောက်အအုံ တလုံး၊ အလုပ်ရုံ တရုံ ၊ ထမင်း စားဆောင် တခု ၊ Star Link ဗန်း ၂ ခုနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ်က သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၂,၅၀၀ လောက် အကွာမှာ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်သူ တရုတ်နိုင်ငံသား ၅ ယောက် ကိုလည်း ထပ်မံဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေဟာ တရုတ်နိုင်ငံမှာ ပန်းရံ၊ ယာဥ်မောင်း စတဲ့လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ကြပြီး We Chat ကနေတဆင့် အလုပ်အကိုင်ရှာဖွေကြပြီး တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားမြို့ကနေ “ဝ”ဒေသ၊ ပန်ဆန်းမြို့ကို ဝင်ရောက်လာပြီး အဲဒီကမှတဆင့် မိုင်းရယ်၊ လဲချားမြို့နယ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဝင်ရောက် လာတာလို့ ဆိုပါတယ်။
အဲဒီမှာ ကျားဖြန့်လုပ် ငန်းလုပ်ကိုင်သူ အယောက် ၆၀ ဝန်းကျင်ရှိပြီး ရှမ်းလက်နက်ကိုင်အဖွဲ့ အစောင့် ၇ ယောက်က စောင့်ကြပ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ပါတယ်။










