
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်အာဏာရှင်လေတပ်က ဇွန် ၁၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဉ် ၅ စင်းထက်မနည်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပိုက်သည်ရပ်နဲ့ လမ်းမတော်ကျေးရွာတို့ကို ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်တွေ ရှိနိုင်တယ်လို့ ကျောက်တော်မြို့မှ အမျိုးသမီးတယောက်က ပြောပါတယ်။
“ကျောက်တော်ကို ဗုံးချခဲ့တာ အတော်လေးကို ကြောက်ဖို့ကောင်းတယ်။ ဂျက်ဖိုက်တာ ၅ စင်းထက် မနည်းနဲ့ မြို့ပတ်ပြီး ဗုံးကြဲသွားတယ်။ ပိုက်သည်ရပ်မှာရှိတဲ့ ဘိလပ်မြေကွင်းနဲ့ လမ်းမတော်ဘက်က စက်သုံးဆီကွင်းမှာ ကျတယ်လို့ ကနဦး သိထားရတယ်။ လက်ရှိ အဲဒီနေရာမှာ မီးလောင် နေတာ တွေလည်း ရှိတယ်။ အရပ်သား ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး။”
လေတပ်က ကျောက်တော်မြို့ကို ဇွန် ၁၇ ရက် နေ့လယ် ၃ နာရီကနေ ၃ နာရီ ၄၀ မိနစ်အထိ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့ခံတွေလည်း စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ ပြောပါတယ်။
ဇွန် ၁၅ ရက်ကလည်း ဂွမြို့နယ်၊ ရမ္မာကျွန်းရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၂ ယောက် သေပြီး ၈ ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်ရေးအရ ရှုံးနိမ့်လာတာကြောင့် ရခိုင်က မြို့ ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာပြီး အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်လာတာလည်း ဖြစ်ပါတယ်။










