
နေပြည်တော်က စစ်တပ်ရဲ့ ကင်းစခန်းတချို့ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတွေလည်း ပါသွားတာကြောင့် စကခ ၆ က ဗိုလ်မှူးကြီးတယောက် အပါအဝင် အရာရှိတချို့ကို တိုင်းစစ်ဌာနချုပ်က စစ်ဆေးနေတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စကခ ၆ က ဒုစကခမှူးနဲ့ ပျဉ်းမနားမြို့အခြေစိုက် ခမရ ၄၁၃၊ ခမရ ၄၁၄ က အရာရှိတချို့ကို တိုင်းစစ်ဌာနချုပ်က ဧပြီ ၂၃ ရက် ညပိုင်းမှာ ခေါ်ယူစစ်ဆေးခဲ့တာလို့ နေပြည်တော် သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“အောင်ချမ်းသာဘက်က တပ်စခန်းအချို့ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဒု စကခမှူးရယ်၊ ခမရ ၄၁၃ နဲ့ ၄၁၄ ရယ်၊ တပ်ရင်းမှူးရယ်၊ ဗိုလ်ကြီးတွေရယ်ကို ခေါ်စစ်တာ။ နယ်လုံက အရာရှိ နှစ်ယောက်လည်း ပါတယ်” လို့ ပြောပါတယ်။
စစ်ဆေးခံရသူတွေဟာ တိုက်ခိုက်ခံရတဲ့ အောင်ချမ်းသာအခြေချတပ်စခန်းကို တာဝန်ယူထားတဲ့ အမှတ် ၆ စစ်ဆင်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဖွဲ့စည်းထားတဲ့ အမှတ် ၁ နည်းဗျူဟာအဖွဲ့မှာ ပါဝင်သူတွေလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
ဧပြီ ၂၂ ရက် မနက်အစောပိုင်းက လယ်ဝေးမြို့နယ်၊ အရှေ့တောင်ခြမ်း သစ်ကြိမ်းအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ အခြေချတပ်စွဲထားတဲ့ စကခ ၆ ရဲ့ ကင်းစခန်းကို PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဒုတပ်ရင်းမှူး တယောက်နဲ့ စစ်သား အများအပြားသေဆုံး၊ တပ်ရင်းမှူး အပါအဝင် စစ်သားတချို့ ထွက်ပြေးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကို PDF နဲ့ ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်တို့ကို စစ်တပ်က လုံခြုံရေးတိုးမြှင့်ထားသလို စစ်ဆေးတာတွေလည်းလုပ်နေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
အောင်ချမ်းသာ အခြေချတပ်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်ကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ အခုချိန်ထိ သတင်းထုတ်ပြန်တာ မရှိပါဘူး။
အခုနှစ် ဇန်နဝါရီ ၁၀ ရက်ကလည်း လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ နန်းချိုချောင်း ရေကျော်မှာ ဂိတ်ချပြီး ဆက်ကြေးကောက်နေတဲ့ စကခ ၆ နဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်သားတချို့ သေဆုံးခဲ့ပါသေးတယ်။











