
ရန်ကုန်မြို့က လမ်းမတွေမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံတာတွေ ပိုမိုဆိုးရွားလာလို့ အပြင်ထွက်သွားရမှာကို ကြောက်ရွံ့နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတချို့က ပြောပါတယ်။
ရန်ကုန်မှာ လမ်းသွားရင်း အဖမ်းခံရတဲ့အကြောင်းကို အသက် ၂၇ နှစ်အရွယ် လူငယ်တယောက်က “ကားလမ်းကူးနေရင်း ဘေးနားရောက်လာပြီး စစ်စရာရှိလို့ ခဏလိုက်ခဲ့ဆိုပြီး ကားပေါ်တင်သွားတာ။ မျက်လုံးတွေကို အဝတ်နဲ့ စည်းလိုက်တယ်။ နှစ်ပတ်ကျော်လောက် အချုပ်ထဲ ထည့်ထားတယ်။ မျက်လုံးကို စည်းထားတော့ ဘယ်နားက အချုပ်လဲ၊ ဘယ်စခန်း ခေါ်သွားတာလဲ ကျနော် မသိဘူး။ တချို့ကိစ္စတွေ ကျနော် ပြန်မပြောပြချင်ဘူး။ ပြန်လွှတ်ပေးမယ်ဆိုပြီး အချုပ်ထဲက ထုတ်လာတော့လည်း မျက်လုံးကို အဝတ်တွေစည်းပြီး ခေါ်လာတာပဲ။ ပြီးမှ မိသားစုနဲ့တွေ့ရတာ (ကျပ်) ၁၅ သိန်း ပေးလိုက်ရတယ်လို့ အိမ်ကပြောတယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းခဲ့ပြီးနောက် စစ်မှုထမ်း ဆင့်ခေါ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ထားပေမဲ့ မြေပြင်မှာ ဥပဒေကိုအကြောင်းပြကာ စစ်အစိုးရ အာဏာပိုင်တွေက လူကုန်ကူးသလို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
အထက်ပါလူငယ်လို လမ်းသွားရင်း အဖမ်းခံရတဲ့ လူငယ်တွေဟာ ရန်ကုန်မြို့မှာ တဖြည်းဖြည်း များလာနေပြီး အပြင်ထွက် သွားလာရတဲ့အခါ လူငယ်တွေဟာ အမြဲသတိထားနေရတယ်လို့ ကိုယ့်တွေ့ကြုံရသူတချို့က ပြောပြပါတယ်။
စစ်မှုထမ်းဥပဒေကို အကြောင်းပြ ငွေညှစ်တောင်းခံနေသူတွေကို ဖမ်းဆီးအရေးယူနေတယ်လို့ စစ်အာဏာရှင်အစိုးရက ပြောထားပေမဲ့ လက်တွေ့မှာ ဖမ်းဆီးနေတဲ့အဖွဲ့တွေဟာ ရန်ကုန်ရဲ့ မြို့နယ်တိုင်းမှာ များပြားနေတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
စစ်တပ်အသိုက်အဝန်းနဲ့ နီးစပ်သူတယောက်က “အရှေ့ဒဂုံဘက်မှာ လုပ်စားနေတဲ့ အုပ်ကြီး(အုပ်ချုပ်ရေးမှူး)တို့၊ ဘာတို့ဆို၊ ပြုတ်ကုန်ပြီ။ ဒီလို လုပ်စားလို့ပေါ့။ အတွင်းထဲ(စစ်တပ်)မှာလည်း စစ်တာဆေးတာကတော့ လုပ်ပါတယ်။ ဒါပေမဲ့လည်း အတွင်းလူက ပါနေတာ ဖြစ်တာကြောင့် ဖမ်းမိလည်း ဘေးနားက အဆွယ်အပွားတွေကိုပဲ ထိုးကျွေးလိုက်တာ။ သူတို့နဲ့ဆက်စပ်တဲ့ အကြီးအကဲတွေကတော့ မပါဘူး၊ စိတ်ချ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်မှုထမ်းစာရင်းပေါက်လို့ ငွေကြေးပေးပြီး လူစားထိုးခဲ့တဲ့သူတွေဟာလည်း လမ်းသွားရင်း ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေကြရတယ်လို့ ရန်ကုန်မြို့ခံတချို့က ဆိုပါတယ်။
စာရင်းပါလို့ လူစားထိုးထည့်မယ်ဆိုရင် အနည်းဆုံး ကျပ်သိန်း ၇၀ ကနေ ကျပ်သိန်း ၁၀၀ ကျော်ထိ ပေါက်ဈေးရှိနေပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ဈေးနှုန်းတွေကလည်း မတူညီကြပါဘူး။
ဒါ့အပြင် စစ်မှုထမ်း အကျုံးဝင်တဲ့ အသက်အရွယ်မရှိသေးတဲ့ အိမ်ထောင်စုတွေရော အကျုံးဝင် အသက်အရွယ်ရှိသူ အိမ်ထောင်စုတွေကိုပါ စစ်အာဏာရှင်အစိုးရ အာဏာပိုင်တွေက မြေပြင်မှာ လစဉ်ကြေးအဖြစ် နှုန်းထားသတ်မှတ် ကောက်ခံနေပြီး အိမ်ထောင်တခုကို အနည်းဆုံး ကျပ် ၁၅,၀၀၀ ကနေ ၇၀,၀၀၀၊ ၁၀၀,၀၀၀ အထိ ပေးရပါတယ်။
ရန်ကုန်မြို့က စစ်မှုထမ်း စာရင်းပေါက်ဖူးတဲ့ လူငယ်တယောက်ရဲ့ မိခင်က “အပတ်စဉ်-၂၃ မှာ စာရင်းပါတယ်ဆိုပြီး အုပ်ကြီး(အုပ်ချုပ်ရေးမှူး)က လာပြောတယ်။ ညနေကျတော့ စစ်တပ်ကလူတွေနဲ့ အုပ်ကြီးက ရုံးခေါ်တယ်။ ဈေးညှိတော့ ၇၅ သိန်းနဲ့ တည့်သွားတယ်။ ခဏတာတော့ လွတ်သွားတယ် ဆိုပေမဲ့ အခုလို ပေါ်တာတွေ ကြမ်းနေတဲ့အခါ အဲဒီ ၇၅ သိန်းကလည်း တသက်လုံးအတွက် အာမမခံနိုင်ဘူး ဖြစ်နေတယ်။ နေ့တိုင်း ကလေးကို အလုပ်သွား အလုပ်ပြန် ကြိုရတယ်၊ စိတ်ပူလို့။ ပြီးရင် ဘယ်သွားသွား၊ ဘယ်ရောက်ရောက် အိမ်ကို စာပို့ဖို့ မှာထားရတယ်” လို့ ပြောပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပေမဲ့ စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီး ၃ နှစ်အကြာ ၂၀၂၄ ခုနှစ် ဖောဖော်ဝါရီ ၁၀ ရက်မှာတော့ နိုင်ငံတဝန်းမှာ တော်လှန်ရေးတပ်တွေကို စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေကို စတင်အသက်သွင်းပြီး အဓမ္မစစ်သားစုဆောင်းမှုတွေကို စတင်ခဲ့တာပါ။
ဥပဒေမှာ စစ်မှုထမ်းအသက်အရွယ်ကို အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ် မပြည့်သေးသူနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ် မပြည့်သေးသူတွေလို့ သတ်မှတ်ပြီး အနည်းဆုံး ၂ နှစ် တာဝန် ထမ်းဆောင်ရပါမယ်။
ဒီသတ်မှတ်ချက်မှာ အကျုံးဝင်တဲ့ စစ်အာဏာရှင်အစိုးရထိန်းချုပ် မြို့ရွာတွေက လူငယ်တွေဟာ အဓမ္မစစ်မှုထမ်းဖို့ အတင်းအကျပ် စုဆောင်းခံရသလို မြေပြင်အာဏာပိုင်တွေရဲ့ ဥပဒေအကြောင်းပြ လူကုန်ကူးသလို အရောင်းအဝယ် လုပ်နေကြတာကိုလည်း ခံနေကြရတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်အစိုးရက စစ်မှုထမ်းအပတ်စဉ် ၂၇ အထိ ဖွင့်လှစ်ပြီး သင်တန်းအပတ်စဉ် တခုကို နိုင်ငံတဝန်းက လူငယ် ၅,၀၀၀ အထိ စုဆောင်းမယ်လို့ ကြေညာထားပါတယ်။
Photo: MOI










