ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဇမ်ဘွမ်ဂါမြို့ရှိ အာတေနီယိုး ဒေဇမ်ဘွမ်ဂါ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဩဂုတ် ၁၈ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် သေနတ်သမား အပါအဝင် ကျောင်းသား ၂ ယောက် သေဆုံးခဲ့ပြီး လက်ရှိမှာ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါဟာ ၂ လအတွင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ပါတယ်။ အဲဒီပစ်ခတ်မှုဟာ ပုဂ္ဂလိကပိုင် အာတေနီယိုး ဒေ ဇမ်ဘွမ်ဂါ တက္ကသိုလ်ရဲ့ လက်အောက်ခံ စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။
သေနတ်သမားဟာ ကျောင်းဝင်းထဲကို ပစ္စတိုတလက်နဲ့ ရိုင်ဖယ်သေနတ်တလက်ကို ယူဆောင်လာပြီး စာသင်ခန်းထဲက ကျောင်းသားတွေကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ ကနဦး အစီရင်ခံစာအရ သိရပါတယ်။
သေနတ်သမားဟာ ၉ တန်းကျောင်းသားဖြစ်ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သေဆုံးသူ ကျောင်းသားကတော့ သူ့ထက် တတန်းကြီးသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
တက္ကသိုလ်ဥက္ကဋ္ဌ အားနဲလ် အန်ဒေးလ်က ကျောင်းဝင်းအတွင်း အဆောက်အအုံတွေကို စေ့စေ့စပ်စပ် ပိုက်စိပ်တိုက် စစ်ဆေးပြီးစီးခဲ့ပြီဖြစ်လို့ သေနတ်ဘေးအန္တရာယ် မရှိတော့ကြောင်း၊ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကာ အဲဒီသေဆုံးသူ ၂ ယောက်ကလွဲပြီး နောက်ထပ် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ မရှိဘူးလို့ အတည်ပြု ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တက်ကလိုဘန်မြို့ရှိ အစိုးရအထက်တန်းကျောင်းတကျောင်းမှာ ကျောင်းသား ၂ ယောက်က ကျောင်းဝင်းအတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းသား အနည်းဆုံး ၃ ယောက် သေဆုံးပြီး အယောက် ၂၀ နီးပါး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင် လက်နက်ငယ်တွေ ပျံ့နှံ့နေဆဲ ဖြစ်ပေမဲ့ နောက်ကြောင်းရာဇဝင် စိစစ်ခြင်းနဲ့ စိတ်ကျန်းမာရေး အကဲဖြတ်စစ်ဆေးခြင်း အပါအဝင် လက်နက်ကိုင်ဆောင်ခွင့် စည်းမျဉ်းစည်းကမ်းတွေကို စနစ်တကျ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတာကြောင့် ကျောင်းတွင်းပစ်ခတ်မှုတွေ ဖြစ်ပွားလေ့မရှိဘဲ ရှားပါးပါတယ်။
Source: Reuters











