
အမေရိကန်-အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် အီရန်နိုင်ငံမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နေသလို အလုပ်လက်မဲ့ဦးရေလည်း သန်းနဲ့ချီ တိုးပွားလာပါတယ်။
အဲဒီနောက် အလုပ်သမားရေးနဲ့ လူမှုဖူလုံရေး ဒုတိယဝန်ကြီး ဂိုလမ်ဟူစိန် မိုဟာမာဒီက စစ်ပွဲအတွင်း အလုပ်အကိုင် ဆုံးရှုံးခဲ့ရသူ အရေအတွက်ကို ၂ သန်းလောက် ရှိနေပြီဖြစ်ကြောင်း အတည်ပြုပါတယ်။
အဲဒီစစ်ရေးပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပိတ်ထားလိုက်ရတဲ့ အလုပ်ရုံ၊ စက်ရုံတွေ အပါအဝင် တခြားကုန်ထုတ်လုပ်ငန်းတွေ၊ လက်လီအရောင်းဆိုင်တွေနဲ့ သွင်းကုန်-ပို့ကုန် ကဏ္ဍတွေမှာပါ သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။
အလားတူ စစ်ပွဲစဖြစ်ချိန်ကတည်းက လုံခြုံရေးအကြောင်းပြချက်နဲ့ အင်တာနက် ဖြတ်ထားတဲ့အလျောက် အတော်အတန်တိုးတက်နေတဲ့ ဒစ်ဂျစ်တယ်နဲ့ နည်းပညာကဏ္ဍကိုပါ ထိခိုက်စေခဲ့ပါတယ်။
အခုလိုမျိုး အင်တာနက် ပြတ်နေတဲ့အခါ အနည်းဆုံး တရက်ကို ဒေါ်လာ ၃၅ သန်းအထိ စီးပွားရေးအရ ထိခိုက်နစ်နာမှု ရှိတယ်လို့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဝန်ကြီး ဆတ္တာ ဟာရှေမီက ပြောသွားပါတယ်။
အဲဒီနှုန်းထားအတိုင်း တွက်ကြည့်မယ်ဆိုရင် စစ်ပွဲစတင်ချိန်ကစလို့ အင်တာနက်ပိတ်ထားတဲ့ ၅၂ ရက်တာအတွင်း အီရန်စီးပွားရေးဟာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံနဲ့အထက် ဆုံးရှုံးနစ်နာခဲ့ရပြီး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ မတ်လနှောင်းပိုင်းနဲ့ ဧပြီလဆန်းပိုင်းမှာလည်း အီရန်ရဲ့ အကြီးမားဆုံး ရေနံဓာတုစက်ရုံ ၂ ခုနဲ့ သံမဏိစက်ရုံ ၂ ခုကို အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်းသိန်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ပြန်ပါတယ်။
အီရန်အစိုးရကတော့ အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် အလုပ်သမားတယောက်ကို ဒေါ်လာ ၃၀၀ အောက် နှုန်းထားနဲ့ ထောက်ပံ့မဲ့ ချေးငွေအစီအစဉ်တခု ကြေညာထားပါတယ်။
ဒါပေမဲ့လည်း အဲဒီချေးငွေကို အတိုး ၁၈ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းကြား အချိန် ၆ လအတွင်း ပြန်ဆပ်ရမယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ စစ်ပွဲပြန်လည်ဖြစ်ပွားမယ်၊ ဒါမှမဟုတ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုအောက်မှာ ဆက်ရှိနေဦးမယ်ဆိုရင် အီရန်ပြည်သူ ၉၃ သန်းကျော်ဟာ ဒီထက်ပိုပြီး ခက်ခဲကျပ်တည်းလာနိုင်ကြောင်း လေ့လာသူတွေက သတိပေးထားပါတယ်။











