
ကိုလံဘီယာနိုင်ငံမှာ ပြင်းအား ပမာဏ ၇ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သမ္မတ အဘယ်လာဒို ဒီလာအက်စ်ပရီယယ်လာက သြဂုတ် ၁၂ ရက် မှာ စီးပွားရေးအရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
သမ္မတက “ဒီအကျပ်အတည်းကို သင့်လျော်အောင် ဖြေရှင်းဖို့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ စီးပွားရေး အရေးပေါ်အခြေအနေကို အသုံးချဖို့ ကျနော် ဆုံးဖြတ်လိုက်ပါပြီ” လို့ ပြောပါတယ်။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ အဆောက်အအုံတွေ၊ လမ်းတွေနဲ့ လေဆိပ်တွေကို ပြန်တည်ဆောက်ဖို့ အမျိုးသားနဲ့ နိုင်ငံတကာက အလှူငွေတွေကို လွှဲပြောင်းပေးမဲ့ “အံ့ဖွယ် ရန်ပုံငွေ” တခုကို ဖန်တီးပေးမယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
ဒီအစီအမံက သမ္မတအနေနဲ့ ပုံမှန်အားဖြင့် လွှတ်တော်ရဲ့ ခွင့်ပြုချက်လိုအပ်တဲ့ အမိန့်နဲ့ အစီအမံတွေ ကို ချမှတ်နိုင်စေပါတယ်။
အရေးပေါ်တုံ့ပြန်မှုဟာ ချက်ချင်းသက်သာရာရစေမှုထက် ကျော်လွန်ရမှာဖြစ်ပြီး သူ့အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်ပေးတဲ့၊ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးတွေကို လျှော့ချပေးတဲ့၊ ထိခိုက်ခံရတဲ့ဒေသတွေမှာ အလုပ်အကိုင်တွေ ပိုဖန်တီးပေးတဲ့ စီးပွားရေး ပြန်လည် ထူထောင်ရေး အစီအမံတွေ ပါဝင်ရမယ်လို့ သမ္မတက ပြောပါတယ်။
ပြင်ဆင်နေတဲ့ ကယ်ဆယ်ရေးအစီအမံတွေထဲမှာ သမ္မတက အစိုးရရန်ပုံငွေနဲ့ ထောက်ပံ့ထားတဲ့ လျှပ်စစ်ဓာတ်အား ပေးချေမှုတွေ၊ အိမ်တွေဆုံးရှုံးခဲ့ရသူတွေအတွက် ငှားရမ်းခ ထောက်ပံ့ကြေး၊ အခွန်နဲ့ ငွေကြေးသက်သာရာရစေမှုနဲ့ အားနည်းတဲ့ မိသားစုတွေအတွက် တိုက်ရိုက်စီးပွားရေး အထောက်အပံ့တွေကို ဖော်ပြထားပါတယ်။
ငလျင်ကြောင့် လူ ၄၉၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး လူ ၂၆၅ ယောက် သေဆုံးခဲ့တာပါ။
“ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက ပျောက်ဆုံးနေသူတွေအတွက် အာရုံစိုက်နေပါတယ်” လို့ သမ္မတက မီဒီယာတွေကို ပြောပါတယ်။
Source: Reuters











