
ဒိုမီနီကန်သမ္မတနိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတန်း ဘာယာဟီဘယ်မှာရှိတဲ့ "ဗီဗာဝင်ဒမ် ဒိုမိနိကပ်စ်ကမ်းခြေ" ဟိုတယ်မှာ ဇွန် ၁၉ ရက်က မီးအကြီးအကျယ်လောင်ခဲ့လို့ လူ တယောက် သေဆုံးပြီး ကမ္ဘာလှည့်ခရီးသည် ၁,၇၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
မျက်မြင်တွေ့ရှိသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာ မီးခိုးလုံးကြီးတွေ အလိပ်လိုက်တက် နေတာနဲ့ မီးသတ်သမားတွေ မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတာတွေကို မြင်တွေ့ရပါတယ်။
ဒါ့အပြင် ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေအရလည်း မီးတောက်တွေက အပန်းဖြေစခန်း တခု လုံးကို ဝါးမြိုနေပြီး မီးလောင်မှု ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာကို အထင်အရှား မြင်တွေ့ ခဲ့ရပါတယ်။
ဒီမီးလောင်မှုအတွင်းမှာ အသက် ၄၆ နှစ်အရွယ် အီတလီအမျိုးသမီး ဖရန်ချက်စ်ကာ ဗလန်တီနို သေဆုံးသွားခဲ့တယ်လို့ DAEH အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လူ ၃ ယောက်ကို ဆေးရုံ/ဆေးခန်းတွေကို ပို့ဆောင်ပေးခဲ့ရပြီး၊ နောက်ထပ် ၆ ယောက်ကိုတော့ အခင်းဖြစ်ပွားတဲ့နေရာမှာတင် ဆေးကုသမှု ပေးခဲ့ရပါတယ်။
ဒဏ်ရာရတဲ့သူတွေထဲမှာ ဟိုတယ်ဧည့်သည်တွေ၊ လာရောက်လည်ပတ်သူတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးသမားတွေ ပါဝင်ပါတယ်။ အခုတော့ မီးကို ထိန်းချုပ်နိုင်ပြီဖြစ်ပေမဲ့ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပဲ ဖြစ်ပါတယ်။
ဟိုတယ်ဧည့်သည်တွေကိုတော့အနီးနားမှာရှိတဲ့ တခြားဟိုတယ်တွေကို ပြောင်းရွှေ့ပေးထားပါတယ်။
အဲဒီဟိုတယ်အုပ်စုထဲကဖြစ်တဲ့ "ဗီဗာဝင်ဒမ်ဒိုမိနိကပ်စ်နန်းတော်" ဟိုတယ်ကတော့ တစုံတရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာတဝန်းမှာ ဟိုတယ်ပေါင်း ၈,၄၀၀ ကျော်ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ "ဝင်ဒမ် ဟိုတယ်တွေနဲ့ အပန်းဖြေစခန်းများ လုပ်ငန်းအုပ်စုဘက်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
Source:Reuters











