
အီရန်စစ်ပွဲအတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၂၀၀ ဘီလီယံကျော်ကို ပင်တဂွန်စစ်ရုံးချုပ်က အိမ်ဖြူတော်ကနေ တောင်းခံထားတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ ၃ ပတ်ကျော်ကတည်းက အမေရိကန်နဲ့ အစ္စရေးတပ်တွေ အသုံးပြုခဲ့လို့ ကုန်ခန်းသွားတဲ့ ပစ်မှတ်ကို အတိအကျထိမှန်နိုင်တဲ့ လက်နက်ခဲယမ်းတွေကို ပြန်လည်ဖြည့်တင်းဖို့ ဒီရန်ပုံငွေကို အသုံးပြုမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတောင်းဆိုမှုဟာ ကွန်ဂရက်လွှတ်တော်မှာ ကြီးမားတဲ့ နိုင်ငံရေးအားပြိုင်မှုတွေနဲ့ ရင်ဆိုင် ရဖွယ် ရှိနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ပြည်ပစစ်ပွဲတွေမှာ ပါဝင်ပတ်သက်မှုကို လျှော့ချမယ်လို့ မဲဆွယ်ခဲ့ပြီး ယူကရိန်းစစ်ပွဲအတွက် ကွန်ဂရက်က အတည်ပြုခဲ့တဲ့ ဒေါ်လာ ၁၈၈ ဘီလီယံ သုံးစွဲမှုကို လည်း ဝေဖန်ခဲ့ဖူးပါတယ်။
အီရန်စစ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ ပထမဆုံးတပတ်မှာတင် ဒေါ်လာ ၁၁ ဘီလီယံ ကျော်လွန်ခဲ့ပြီလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အိမ်ဖြူတော်အနေနဲ့ လွှတ်တော်မှာ ဘယ်လောက်တောင်းခံမလဲဆိုတာ မသေချာသေးသလို ဒီမိုကရက်တွေကလည်း ဒီစစ်ပွဲကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
ရီပတ်ဘလစ်ကန်တွေက ဒီရန်ပုံငွေကို ထောက်ခံပေမဲ့ အထက်လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ အခက်အခဲ ရှိနေဆဲ ဖြစ်ပါတယ်။
ပင်တဂွန် ဒုတိယကာကွယ်ရေးဝန်ကြီး စတီဗင်ဖိုင်းဘတ်ဂ်က အဓိကလက်နက်ထုတ်လုပ်မှုတွေ တိုးမြှင့်ဖို့ ဦးဆောင်နေပါတယ်။
ဒါပေမဲ့ လုပ်သားနဲ့ ကုန်ကြမ်းလိုအပ်ချက်တွေကြောင့် လက်နက်တွေ ပိုထုတ်ဖို့ အချိန်ယူရမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
Source: Reuters










