DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့နယ်တွင် အစိုးရဝန်ထမ်း ၂၅၀ ကျော် တရားစွဲခံရ
DVB
·
July 27, 2019
ရွှေကူမြို့နယ်တွင် အစိုးရဝန်ထမ်း ၂၅၀ ကျော် တရားစွဲခံရ
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အစိုးရဝန်ထမ်း ၂၅၀ ကျော်ကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ်က ငွေကြေးပြန်လည်ရလိုမှုနဲ့ တရားစွဲဆိုထားပါတယ်။

ဘဏ်ကငွေချေးပြီး ပြန်မဆပ်တာကြောင့်ဆိုပြီး ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ အများဆုံး တရားစွဲဆိုခံထားရတာပါ။

ဆရာ၊ ဆရာမ ၂၀၀ ကျော်နဲ့ တခြားဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ဆိုင်ကယ်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို AGD ဘဏ်ရဲ့ ချေးငွေနဲ့ ဝယ်ယူခဲ့ကြပါတယ်။

ရွှေကူမြို့နယ်ပညာရေမှူးရုံးက လက်ထောက်ကြီးကြပ်ရေးမှူး ဦးရန်နိုင်သော်က “ကျနော်တို့က ဝယ်ခဲ့တဲ့ဆိုင်နဲ့ ကိုယ်စားလှယ်ဆီမှာ ပြန်ဆပ်ပြီးပြီ။ ကျနော်ဆိုရင် ၂၀၁၆ ခုနှစ်က ကွန်ပျူတာတလုံးဝယ်တာ ၂၀၁၇ မှာပဲ အကြေဆပ်ပြီးပြီ။ ခုက ကိုယ်စားလှယ်နဲ့ ဆိုင်ရှင်က ဘဏ်ကို ငွေမသွင်းလို့ ဒီပြဿနာပေါ်တာ။ တခြားဝန်ထမ်းတွေလည်း ပါတယ်။ ပညာရေး ဝန်ထမ်းကတော့ ၂၀၀ ကျော်မယ်။ ဝန်ထမ်းတွေဆိုတော့လည်း တကယ်လိုတဲ့ ပစ္စည်းတွေကို အရစ်ကျနဲ့ရမယ်ဆိုတော့ ယူခဲ့တာပေါ့” လို့ ပြောပါတယ်။

ဗန်းမော်မြို့ ပေါ်က မြတ်မင်းနဲ့ ဝင်းနိုင်ဆိုင် ရဲ့ ကိုယ်စားလှယ် ဆိုင်ဖြစ်တဲ့ ရွှေကူမြို့ပေါ်က Happy Life ဆိုင်ဟာ AGD ဘဏ်နဲ့ ပူးပေါင်းပြီး ဝန်ထမ်းတွေကို ဆိုင်ကယ်နဲ့ ကွန်ပျူတာတွေ၊ ဖုန်းတွေ အရစ်ကျရောင်းပေးမယ်ဆိုပြီး ကြော်ငြာခဲ့တယ်လို့ သူက ဆိုပါတယ်။

“ကျနော်တို့က ဘဏ်မှာ လက်မှတ်ထိုးခဲ့ရတယ်။ ပစ္စည်းကတော့ ဆိုင်မှာ ယူရတာပေါ့။ ဘဏ်က ဗန်းမော်မှာပဲ ရှိတာဆိုတော့ ငွေသွင်းတာက ဆိုင်နဲ့ ကိုယ်စားလှယ်ဆီမှာပဲ သွင်းကြတာ။ ငွေသွင်းထားတဲ့ အထောက်အထား၊ လက်မှတ်တွေရှိတယ်။ ဘဏ်က ငွေမသွင်းလို့ဆိုပြီး ပြောတုန်းက မန်နေဂျာကိုသွားတွေ့ပြီး ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဆရာတို့ ဝန်ထမ်းတွေက ယူထားတာကြောင့် ဆရာတို့ကို စွဲရမယ် ဆိုပြီး ပြောတယ်” လို့ ဦးရန်နိုင်သော်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာပဲ တရားရုံးက ဆင့်ခေါ်စာရောက်လာပြီး ရှေ့နေကို ကိုယ်စားလှယ် လွှဲခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဆိုင် ၃ ဆိုင်က တာဝန်ခံ ၃ ယောက်နဲ့ ပစ္စည်းဝယ်ထားသူ ဝန်ထမ်းတွေကို တရားပြိုင်အဖြစ် စွဲဆိုထားတာဖြစ်ပြီး အမှုရင်ဆိုင်ရမယ့် ဝန်ထမ်း ၂၅၀ ကျော်ရှိတယ်လို့ ဒီအမှုလိုက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်သက်က ပြောပါတယ်။

“တရားမမှုဆိုတော့ တရားပြိုင်စုံမှ စစ်လို့ရမယ်။ ခုက အမှုက ချိန်းနေပေမယ့် တချို့ဝန်ထမ်းတွေက ပြောင်းသွားကြတာ၊ သမ္မာန်စာပို့တော့လည်း နယ်ဝေးတွေဆိုတော့ မရောက်နိုင်တာတွေရှိနေသေးတယ်။ အမှုက သမ္မာန်စာဆင့်ထားတုန်း ရှိသေးတယ်။ တရားပြိုင်စုံမှ ချေလွှာတင်ရမယ်” လို့ ပြောပါတယ်။

အမှု ၃ ခုမှာ တခုက ကျပ်သိန်း ၆၇၀ ကျော်၊ နောက်တခုက ကျပ်သိန်း ၂၀၀၀ ကျော်နဲ့ နောက်တခုကတော့ ကျပ်သိန်း ၃၄၀၀ ကျော် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဝန်ထမ်းတွေဟာ ဘဏ်ချေးငွေကို ၁၂ ရစ်၊ တနှစ်ခွဲပြီး ဆပ်ခဲ့ကြရတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး AGD ဘဏ်ရုံးချုပ်ကို ဒီဗွီက ဆက်သွယ်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ရုံးပိတ်ရက်ဖြစ်နေလို့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013