DVB Logo
Home
မြန်မာသတင်း
ဟိန္ဒားသတ္တုတွင်းအကြောင်းရေးသည့် ထိုင်းသတင်းစာဆရာ တရားစွဲခံရ
DVB
·
May 17, 2017
ဟိန္ဒားသတ္တုတွင်းအကြောင်းရေးသည့် ထိုင်းသတင်းစာဆရာ တရားစွဲခံရ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ဟိန္ဒားသတ္တုတွင်းမှာ ထိုင်းကုမ္ပဏီတွေရဲ့ သတ္တုတူးဖော်မှုဟာ မြန်မာပြည်သူတွေရဲ့ လူမှုဘ၀ကို ထိခိုက်နစ်နာစေကြောင်း  ထုတ်ဖော်ရေးသားခဲ့သူ The Nation သတင်းစာဆရာ   ပရတ်ရုဂျီဝဏ္ဏရူမ်းအား တရားစွဲထားတာကို ပြန်ရုပ်သိမ်းပေးဖို့ မြန်မာနဲ့ထိုင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းတောင်းဆိုပါတယ်။

သတင်းစာဆရာရဲ့ “မြန်မာ့မြစ်ချောင်းသယံဇာတတွေကို ထိုင်းသတ္တုတွင်းကဖျက်ဆီးနေ” လို့အမည်တပ်ထားတဲ့ ဆောင်းပါးကို သည်နေးရှင်းသတင်းဌာနက  ၂၀၁၇ မတ်လ ၁ ရက်က  သတင်းစာထဲမှာရော အွန်လိုင်းမှာပါ ဖော်ပြခဲ့ပြီးတဲ့နောက် ဟိန္ဒားသတ္တုတွင်းမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့  Myanmar Phongpipat Co. Ltd ထိုင်းကုမ္ပဏီက ဒီလိုရေးသားမှုဟာ သူတို့ကို နာမည်ပျက်စေတယ်ဆိုပြီး မတ် ၂၀ ရက်က  သတင်းဌာနကိုရော သတင်းစာဆရာကိုပါ တရားစွဲခဲ့တာပါ။

အဆိုပါ ထိုင်းသတင်းစာဆရာဟာ တနသာင်္ရီတိုင်းရှိ သတ္တုတူးဖော်တဲ့ဧရိယာကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကွင်းဆင်းလေ့လာပြီး ဒေသခံပြည်သူတွေနဲ့မေးမြန်းကာ  ပြည်သူတွေရဲ့ ဘ၀အခြေအနေကို အမှန်အတိုင်းတင်ပြရေးသားခဲ့တာဖြစ်လို့ အခုလို တရားစွဲခံနေရတဲ့ကိစ္စကို ကန့်ကွက်ကြောင်းနဲ့ အမှုကနေ ရုပ်သိမ်းပေးဖို့တောင်းဆိုတယ်လို့ ထားဝယ်ဖွံ့ဖြိုးရေးအသင်းက  ဦးအောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီထိုင်းကုမ္ပဏီက ထားဝယ်မြို့ အရှေ့ဘက်မှာရှိတဲ့ ဟိန္ဒားသတ္တုတွင်းမှာ လာလုပ်တယ်၊ လာလုပ်တော့ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုတွေရော၊ လူမှုဘ၀ထိခိုက်မှုတွေရော အများကြီးဖြစ်တယ်။  ဖြစ်တော့ ကျနော်တို့ ထားဝယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ထိခိုက်နစ်နာရတဲ့ ရွာသားတွေပါ ပေါင်းပြီး မနှစ်က ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်ကို တိုင်ကြားစာပို့တယ်။ အဲဒါနဲ့ သူတို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျနော်တို့ဆီလာပြီး ကြည့်တယ်၊ ရွာသားတွေကိုမေးတယ်၊ သတင်းထောက်တွေလည်း အများကြီးပါလာတယ်၊ အဲဒီထဲမှာ အခုတရားစွခံရတဲ့ သတင်းထောက်လည်းပါတယ်။ အခု သူရော၊ သူ့သတင်းဌာနပါ တရားစွဲခံနေရတယ်လို့ ထိုင်းအဖွဲ့အစည်းတွေက ကျနော်တို့ဆီ အကြောင်းကြားတယ်။ ဒါနဲ့ ထိုင်းအဖွဲ့ရော၊ မြန်မာအဖွဲ့တွေပါ အီးမေးလ်နဲ့ တိုင်ပင်ဆွေးနွေးကြပြီး ဒီကိစ္စ အားလုံးကန့် ကွက်စာထုတ်ဖို့ သဘောတူခဲ့ကြတယ်။”

မြန်မာနိုင်ငံက အဖွဲ့အစည်းပေါင်း ၅၆ ဖွဲ့၊ ထိုင်းနိုင်ငံက အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့နဲ့ လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူ လူပုဂ္ဂိုလ် ၃၀ ဦးတို့ဟာ မေ ၁၄ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး  The Nation သတင်းဌာနနဲ့ သတင်းစာဆရာအပေါ် တရားစွဲဆိုထားတဲ့ အသရေဖျက်မှု၊ ကွန်ပျုတာဥပဒေ ချိုးဖောက်မှုတွေကို ချက်ချင်းဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းတရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် သတင်းစာဆရာ ပရတ်ရုဂျီဝဏ္ဏရူမ်းဟာ  ၅ နှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၂ သိန်းထက် မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013