
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲက ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် သာသနိက အဆောက်အအုံတွေ ပျက်စီး သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက နဂျပ်အောက်ရွာမှာရှိတဲ့ ဂူတောင်ဘုန်းကြီးကျောင်း ဗုံးကြဲ ခံလိုက်ရတာလို့ ဒေသခံတယောက်က ပြောပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဂူတောင်ဘုန်းကြီးကျောင်းအတွင်းက စေတီပုထိုးနဲ့ ဓမ္မာရုံ တွေ ပျက်စီးသွားသလို ပြည်သူပိုင် နွား တကောင်လည်း ဗုံးစထိမှန်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရေတာရှည်မြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မနက် ၁၁ နာရီလောက်မှာ စစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ် တစင်းဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲနေတာမရှိဘဲ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံး ၂ ကြိမ်ကြဲသွားတာပါ။ စစ်မိစ္ဆာတပ်ဟာ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းတွေပါမကျန် အခုလပိုင်းတွေမှာ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါကျေးရွာကို ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစတင်ပြီး စစ်တပ်က ဂျက်တိုက်လေယာဉ်တွေ၊ အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရ ပါတယ်။
စစ်တပ်က အင်အား ၁,၀၀၀ နီးပါးပါဝင်တဲ့ မြေပြင်စစ်ကြောင်းဟာ စစ်တောင်းမြစ်အရှေ့ ဘက်ကမ်းကကျေးရွာတွေကို ဇွန်လဆန်းပိုင်းကစတင်ကာ စစ်ကြောင်းထိုးဝင် ရောက်နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။










