
နေရွှေဝင်းအထည်ချုပ်စက်ရုံက သမဂ္ဂခေါင်းဆောင်နဲ့ အဖွဲ့ဝင်အချို့ကို အလုပ် ထုတ်လိုက်တာကြောင့် မေ ၁၁ ရက်မှာ ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေကို စက်ရုံဘက်က ရဲနဲ့ လုံခြုံရေးအဖွဲ့တွေခေါ်ပြီး ခြိမ်းခြောက်နေတယ်လို့ ရွှေပြည်သာမြို့နယ်အထည်ချုပ်သမဂ္ဂက ထုတ်ပြန်ပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံမှာ မေ ၉ ရက်က ကုန်ကြမ်းနဲ့ အထည်အော်ဒါ နည်းသွားလို့ လုပ်သားအင်အား လျှော့တယ်ဆိုပြီး အလုပ်သမား ၁၉ ယောက်ကို အလုပ်ထုတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီအလုပ်ထုတ်ခံရတဲ့သူတွေထဲမှာ နေရွှေဝင်း အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်းအဖွဲ့ဝင် ၁၀ ယောက် ပါဝင်နေတာကြောင့် သူတို့ကို လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်ရှိတဲ့ သမဂ္ဂအဖွဲ့ဝင်တွေက တောင်းဆိုနေကြတာလို့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ မြို့နယ်အထည်ချုပ်သမဂ္ဂက ထုတ်ပြန်အသိပေးထားပါတယ်။
"တောင်းဆိုမှု ပြုလုပ်နေသူတွေဆီ HR Manager ရဲသူရအောင်မှ ရောက်လာပြီး တဦးချင်း လှော်ကားစခန်းမှ ရဲကို အကြောင်းကြားဆွဲထုတ်ခိုင်းမယ်လို့ လာခြိမ်းခြောက်တယ်" လို့ ထုတ်ပြန်တဲ့အထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိလည်း ရွှေပြည်သာမြို့နယ်မှ ရဲ၊ စရဖ၊ SB တို့ကို ဖုန်းဆက်ပြီး စက်ရုံထဲခေါ်ထားတယ်လို့ မြို့နယ်အထည်ချုပ်သမဂ္ဂက ဆိုပါတယ်။
နေရွှေဝင်း အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းဖို့အတွက် သမဂ္ဂအဖွဲ့ဝင်တွေက မတ် ၂၃ ရက်မှာ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆီ အဖွဲ့အစည်းဖောင်တင်ထားတာ ဖြစ်ပါတယ်။
အဲဒီလို တင်ထားပေမဲ့ ဌာနက ပုံစံ ၆ ချမပေးဘဲ အဖွဲ့အစည်းဖောင်မှာပါတဲ့ အလုပ်သမားစာ ရင်းကို အလုပ်ရှင်ဆီ သတင်းပြန်ပေးပို့ခဲ့လို့ အခုလိုအလုပ်ထုတ်ခံရတာ ဖြစ်နိုင်ကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
မြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရဲ့ လုပ်ရပ်က အလုပ်သမားသမဂ္ဂဖြိုခွဲဖို့အတွက် နောက်ကွယ်က ပံ့ပိုးပေးတာဖြစ်ပြီး သမဂ္ဂအဖွဲ့ဝင်တွေကို အကောင်းဆုံးကာကွယ်၊ ပံ့ပိုးကူညီသွားမယ်လို့ STUM က ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်၊ အထည်ချုပ်သမဂ္ဂကလည်း အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ အကူညီတောင်းလာရင် ကူညီပေးဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။










