
၂၀၂၁ ခု ဇူလိုင်ကနေ ၂၀၂၆ ခု မေလအထိ ၅ နှစ်ကျော်ကာလမှာ နိုင်ငံတဝန်း အကျဉ်းထောင် ၃၂ ခုမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရရှိဘဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၄၈ ယောက် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသားနိုင်ငံရေးအကျဉ်းသား ၈၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး အမျိုးသမီး ကတော့ ၁၃ ရာခိုင်နှုန်းနဲ့ LGBT က ၁ ရာခိုင်နှုန်းပါဝင်နေပါတယ်။
အမျိုးသားတွေ သေဆုံးမှုမှာ အသက် ၃၆ နှစ်ကနေ ၅၅ နှစ်ကြား လုပ်ငန်းခွင်ဝင်အရွယ်တွေ အများဆုံး ပါဝင်နေပြီး အသက် ၁၇ နှစ်အောက် လူငယ် ၂ ယောက်နဲ့ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။
PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ဗဟိုထောင်တွေမှာ ထောင်ဆေးရုံရှိတယ် ဆိုပေမဲ့ ဆရာဝန်အင်အားဟာ အကျဉ်းသားဦးရေနဲ့ မျှတတဲ့အခြေအနေ မရှိနေဘူးပေါ့နော်။ ရှိတဲ့ဆရာဝန်တွေကလည်း အချိန်နဲ့တပြေးညီ ကုသနိုင်ဖို့ အချိန်ပေးတဲ့ ကြည့်ရှုမှုတွေ သိပ်မရှိဘူးပေါ့နော်။ တာဝန်ဝတ္တရားအရ လုပ်နေကြတာမျိုးလည်း ကျနော်တို့ တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးထိခိုက်တဲ့အခါမှာ အရေးပေါ် ဆေးရုံဆေးဝါး ကုသခွင့်ရဖို့အတွက်ဆိုရင် အဆင့်ဆင့် တင်ပြရတယ်။ ထောင်အာဏာပိုင်တွေက ခွင့်ပြုချက်ရဖို့ အတွက် အချိန်ကြာမြင့်တယ်ပေါ့။ ထောင်တွင်းမှာ ဆေးဝါးဟာ အကန့်အသတ်နဲ့ပဲ ကုသရတယ်ပေါ့။ ဟို ဘယ်လို ရောဂါမျိုးဖြစ်ဖြစ် ပါရာကပ် တို့ပေါ့နော်၊ ဒိုင်ကလို တို့ ဒီလိုဆေးတွေပဲ ပေးတယ်။ ရောဂါနဲ့ သင့်တင့်လျောက်ပတ်တဲ့ ဆေးဝါးတွေကို ပေးနိုင်ခြင်းမရှိဘူးပေါ့နော်” လို့ ပြောပါတယ်။
ထောင်တွင်းဆေးဝါးကုသခွင့် လုံလောက်အောင် မရရှိတာကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲမှာ မဝတ်ရည်အောင်လည်း တဦးအပါအဝင် ဖြစ်ပါတယ်။ မဝတ်ရည်အောင်ဟာ ဒဂုံကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်တဦး ဖြစ်ပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့လို့ အာဏာသိမ်းပြီး မကြာခင် ၂၀၂၁ စက်တင်ဘာလထဲမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ကြောရေးမှာ ဦးခေါင်းကို ရိုက်နှက်၊ နံရိုးတွေကို စစ်ဖိနပ်နဲ့ ကန်ကျောက်ကာ စစ်ဆေးခံခဲ့ရတာကြောင့် မဝတ်ရည်အောင်က ဦးခေါင်းခွံဒဏ်ရာနဲ့ အတက်ရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရပြီး လုံလောက်တဲ့ ဆေးဝါးကုသ စောင့်ရှောက်ခွင့်တွေ မရရှိဘဲ ၂၀၂၅ ခု ဇူလိုင် ၂၀ ရက်က အင်းစိန်ထောင်အတွင်းမှာပဲ ကျဆုံးခဲ့ရတာပါ။
ဝတ်ရည်အောင် သူငယ်ချင်း နိုင်ငံရေးအကျဉ်းသူတယောက်က “မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ထောင်အသီးသီးမှာ ဆေးဝါးနဲ့ပတ်သက်ပြီး လုံလောက်မှုမရှိတာကတော့ အမှန်ပါပဲ။ ဆေးဝါးကုသမှုအပိုင်းလည်း အဲဒီလိုပဲ ဝတ်ရည်အောင် ဥပမာ တက်တယ်တို့ ဘာတို့ဆိုရင် ဆေးမှူးကို လှမ်းခေါ်တယ်။ ဆေးမှူးကို လှမ်းခေါ်တဲ့အခါကျရင် အနည်းဆုံး နှစ်နာရီ ကြာတယ်။ ထောင်ဆရာဝန်ကြီးဆိုလို့ရှိရင် အနည်းဆုံး နှစ်ရက်လောက် စောင့်ရတယ်ဗျ။ တခြားအမှုနဲ့ ကျနေတဲ့ အကျဉ်းသား အကျဉ်းသူတွေ နေမကောင်းဖြစ်တဲ့အခါမျိုးကျလို့ရှိရင် refer ထွက်တာတွေဖြစ်ဖြစ် အဲဒီလိုမျိုး သူတို့အတွက်ကျတော့ လွယ်တယ်။ ဒီ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကျပြန်တော့ ခက်တယ်၊ အဲဒါ သူတို့ရဲ့ စိတ်ဓာတ်ကိုက ညီမတို့အပေါ်မှာ ခွဲခြားထားတာမျိုးပေါ့နော်” လို့ ပြောပါတယ်။
သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ အကျဉ်းထောင်က အင်းစိန်အကျဉ်းထောင်ဖြစ်ပြီး အိုးဘို၊ ဒိုက်ဦး၊ မကွေးနဲ့ သာယာဝတီ အကျဉ်းထောင်တွေမှာလည်း သေဆုံးမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေ စောင့်ရှောက်မှုတွေ မရရှိလို့ နိုင်ကျဉ်း သေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်၊
PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရရှိဘူးဆိုတဲ့ အခြေအနေကို ဒီ ၁၀၀ ကျော်သော နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေက အသက်တွေပေးပြီးမှ သက်သေပြခဲ့ပြီး ဖြစ်တယ်။ အလားတူ သေဆုံးမှုတွေ ထပ်မဖြစ်ဖို့အတွက် ကျနော်တို့ လိုလားတယ်။ ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အပါအဝင် အကျဉ်းထောင်ထဲမှာ ရှိနေစဉ်မှာလည်း နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် ရရှိဖို့ဟာ အင်မတန် အရေးကြီးတယ်လို့ ကျနော် ပြောချင်ပါတယ်ဗျ” လို့ ပြောပါတယ်။
ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေဟာ နှလုံးရောဂါ၊ အသည်းရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာလို နာတာရှည်ရောဂါတွေကြောင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး၊ ကိုဗစ်-၁၉၊ တီဘီရောဂါနဲ့ သွေးဆိပ်သင့်မှုလို ကူးစက်ရောဂါတွေကြောင့်လည်း သေဆုံးမှုတွေ ရှိခဲ့တယ်လို့ PPNM က ဖော်ပြထားပါတယ်။











