
ဆွီဒင်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ ပစ်ခတ်မှုတွေ၊ ဗုံးခွဲမှုတွေ မြင့်တက်လာခဲ့ပြီး အကြမ်းဖက်မှု အများအပြားကို အရွယ်မရောက်သေးသူတွေက လုပ်ခဲ့ကြတာပါ။
ဒါကြောင့် ဆွီဒင်လူငယ်တွေဟာ ဥရောပရွယ်တူတွေနဲ့ ကွဲပြားနေခဲ့ပြီး အာဏာပိုင်တွေအတွက် လူသတ်တဲ့ ကလေးတွေကို ဘာလုပ်ရမလဲဆိုတဲ့ အရေးတကြီးပြဿနာတရပ် ဖြစ်လာခဲ့ပါတယ်။
ဆွီဒင်နိုင်ငံဟာ တနှစ်ကို ဆွီဒင်ခရောင်း ၁၈၅ ဘီလီယံ (ဒေါ်လာ ၂၀ ဘီလီယံ) လောက် ရနေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ အကြီးစား လိမ်လည်မှုနဲ့ လုယက်မှုတွေမှာ တက်တက်ကြွကြွ ပါဝင် နေတဲ့ ကွန်ရက်ဖွဲ့ ဂိုဏ်းရာဇ၀တ်မှုလှိုင်းကို တိုက်ဖျက်နေပါတယ်။
တက်ကြွတဲ့ ဂိုဏ်းဝင် ၁၇,၅၀၀ နဲ့ အပေါင်းအပါ ၅၀,၀၀၀ ရှိတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်း ထားပါတယ်။
ဂိုဏ်းတွေက ဆယ်ကျော်သက်တွေကို စုဆောင်းဖို့ လူမှုမီဒီယာကို သုံးကြပြီး တချို့ကိစ္စတွေမှာ အသက် ၁၁ နှစ်အရွယ် ကလေးတွေကို နော်ဒစ်စ်တလွှားမှာ လူသတ်မှုနဲ့ ဗုံးခွဲမှုတွေ ကျူးလွန်ဖို့ သုံးနေကြပါတယ်။
၂၀၂၂ ခုနှစ်ကစပြီး အာဏာရလာပြီး စက်တင်ဘာလမှာ ရွေးကောက်ပွဲ အကြိတ်အနယ်ကာလဆီ ဦးတည်နေတဲ့ အစိုးရအတွက် ရာဇဝတ်မှုက အဓိကပြဿနာတခု ဖြစ်လာပါတယ်။
အတိတ်က နူးညံ့သိမ်မွေ့တဲ့ ချဉ်းကပ်မှုက မအောင်မြင်ခဲ့ဘဲ အသက် ၁၅ နှစ်အောက် ကလေးတွေကို လူမှုရေးစောင့်ရှောက်မှုဆီ ပို့မဲ့အစား ထောင်ထဲပို့ခြင်းအားဖြင့် ခိုင်မာအောင်လုပ်ဖို့ အချိန်တန်ပြီလို့ လည်း ပြောပါတယ်။
အဆိုပြုထားတဲ့ ဥပဒေသစ်အရ ရာဇဝတ်မှုတာဝန်ယူရမဲ့ အသက်အရွယ်ကို ဥရောပနိုင်ငံ အများစုထက် နှိမ့်ချပြီး ၁၅ နှစ်ကနေ ၁၃ နှစ်အထိ လျှော့ချမှာဖြစ်ပြီး အပြင်းထန်ဆုံး ရာဇဝတ်မှု တွေအတွက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ အရွယ်မရောက်သေးသူတွေကို အထူးထောင်တွေမှာ ချုပ်နှောင် ထားမှာ ဖြစ်ပါတယ်။ ထောင်တွေထဲက တခုမှာ မိန်းကလေးတွေကို ထားမှာ ဖြစ်ပါတယ်။
အဆိုးရွားဆုံး ဆယ်ကျော်သက် ရာဇဝတ်သားတွေအတွက် ပြန်တည်ဆောက်နေတဲ့ ထောင်သုံးခု ထဲက တခုဖြစ်တဲ့ စတော့ဟုမ်းမြောက်ဘက်က ရိုစာဘာ့ဂ် အကျဉ်းထောင်မှာ ထောင်တွင်းဘဝက ပညာရေးကို အာရုံစိုက်မှာ ဖြစ်ပါတယ်။
အားလပ်ချိန်တွေမှာ အကျဉ်းသားတွေဟာ ရုပ်မြင်သံကြားကြည့်တာ၊ ဗီဒီယိုဂိမ်းကစားတာ ဒါမှမဟုတ် အားကစားခန်းမမှာ လေ့ကျင့်တာတွေ လုပ်နိုင်ပြီး အခန်းတွေကို ညနေတိုင်း ည ၈ နာရီ ကစပြီး သော့ခတ်ထားမှာ ဖြစ်ပါတယ်။
နွေရာသီအပြီးမှာ ပထမဆုံး အကျဉ်းသားတွေကို စလက်ခံဖို့ ထောင်အုပ်ချုပ်ရေးမှူး ဂဘရီယယ် ဝက်စ်မဲန်းက မျှော်လင့်ထားပါတယ်။
အရွယ်ရောက်ပြီးသူ အကျဉ်းသားတွေနဲ့ နှိုင်းယှဉ်ရင် အကြီးမားဆုံးစိန်ခေါ်မှုက မိဘတွေနဲ့ ခွဲမနေ ဘူးတဲ့ ဆယ်ကျော်သက်တွေကို နှစ်သိမ့်၊ ပံ့ပိုးမှုပေးဖို့ ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source:Reuters










