DVB Logo
Home
Lead Story
ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းကြရမည့် ကမ္ဘာ့အမွေအနှစ် ပုဂံ (အယ်ဒီတာအာဘော်)
DVB
·
July 8, 2019
ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းကြရမည့် ကမ္ဘာ့အမွေအနှစ် ပုဂံ (အယ်ဒီတာအာဘော်)
Donate to DVB

၂၀၁၉ ဇူလိုင်လ ၆ ရက်နေ့သည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားတို့ ဝမ်းမြောက်ဂုဏ်ယူခဲ့ကြရသည့် မင်္ဂလာရှိသောနေ့တနေ့ ဖြစ်သည်။

အဆိုပါနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခန့်က အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့တွင် ကျင်းပသည့် ယူနက်စကိုအဖွဲ့၏ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာလိုက်၍ ဖြစ်သည်။

မြန်မာပြည်သူတို့အနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီ ဆိုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရုံဖြင့် မပြီးသေးပေ။ ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ သတ်မှတ်စည်းကမ်းများကို လိုက်နာဖြည့်ဆည်းပေးကြရပေဦးမည်။ ပေးထားသော ကတိကဝတ်များကို တည်အောင်လည်း မြန်မာအစိုးရနှင့် ပြည်သူတို့ စောင့်ထိန်းကြရပေဦးမည် ဖြစ်သည်။

အထူးသဖြင့် ယဉ်ကျေးမှုဇုန်အတွင်း ရောက်နေသော ဟိုတယ်များကိစ္စ ဖြစ်သည်။ အကယ်၍ သူတို့ပြဋ္ဌာန်းထားသော ဥပဒေနှင့် ပေးထားသော ကတိများကို မတည်ခဲ့ပါက သို့မဟုတ် မထိန်းသိမ်းနိုင်ပါက ယင်းအကြောင်းပြချက်ဖြင့် အန္တရာယ်ရှိသော အမွေအနှစ်အဖြစ် ကြေညာ၍ ပြန်လည်ရုပ်သိမ်းသွားနိုင်ပေသည်။

ယခင်က ရှေးဟောင်းမြို့တော် ပုဂံဇုန်ဧရိယာကို စတုရန်းဧက ၂၇,၉၇၀ ဟု ဖော်ပြ တင်သွင်းခဲ့သည်။ ယခုအကြိမ်တွင် စတုရန်းဧက ၄၈၀၉၉ အထိ တိုးချဲ့ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်အရဆိုလျှင် အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မင်းနန်သူ၊ သူဋ္ဌေးကန်၊ တောင်ဘီနှင့် မြင်းကပါကျေးရွာတို့အပြင် ပုဂံအနောက်ဘက် ဧရာဝတီမြစ်ရိုးတလျှောက်ထိ ပါဝင်သည်။

ထို့အပြင် မကွေးတိုင်းရှိ တန့်ကြည်တောင်ထိ ပါဝင်သည်ဟု ဆိုပါသည်။ တနည်းပြောရလျှင် ယဉ်ကျေးမှု အမွေအနှစ်ပေါင်း ၄၀၀၀ ကျော် တစုတဝေးတည်ရှိသော ရှေးဟောင်း ရပ်ဝန်းဇုန်တခုလည်း ဖြစ်ပေသည်။

လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းဟု ဆိုသော်လည်း အချို့သော ယဉ်ကျေးမှု လက်ရာများမှာ လူနေအိမ်ခြေအတွင်း ရောက်ရှိသွားသည်တို့ ရှိသကဲ့သို့ အချို့လည်း သဘာဝ ဘေးအန္တရာယ်ဖြင့် ပျောက်ဆုံး ပျက်စီးသွားခဲ့သည်တို့လည်း ရှိပါသည်။ ကျွန်ုပ်တို့ ကောင်းစွာ မထိန်းသိမ်းနိုင်ခဲ့ကြ။ ထိန်းသိမ်းရကောင်းမှန်း မသိသည်တို့လည်း ပါသည်။ အဆောက်အဦတို့ ဤမျှကျန်သည်ကိုပင် ကျေနပ်စရာပင်။ သည့်အတွက် ကျေးဇူးတင်ရမည်ဆိုပါက ပါမောက္ခ  “မစ္စတာလုခ်” ကို ချန်ထား၍မရပေ။

ပါမောက္ခလုခ်က ဒုတိယကမ္ဘာစစ်အတွင်းတွင် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူ ဝင်စတန်ချာချီထံသို့ မြန်မာတို့၏ ယဉ်ကျေးမှုဖြစ်သော ပုဂံရှေးဟောင်းအမွေအနှစ်ကို ဗုံးမကြဲရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။ အင်္ဂလိပ်တို့လည်း မေတ္တာရပ်ခံချက်ကို အသိအမှတ်ပြုပေးခဲ့သဖြင့် စစ်အတွင်း ထိခိုက်မှုမရှိဘဲ ပျက်စီးမည့်အန္တရာယ်မှ ကင်းဝေးခဲ့ရပေသည်။ လုခ်၏ကျေဇူး ကြီးခဲ့ပါသည်။

ပုဂံရှေးဟောင်းအမွေအနှစ်တွေကို ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် အသိအမှတ်ပြုရန် နှစ် ၂၀ ခန့် ကြာခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် တကြိမ်တင်ခဲ့ဖူးသည်။ သို့သော် သတ်မှတ်ချက်နှင့် မကိုက်ညီ၍ ငြင်းပယ်ခံခဲ့ရဖူးသည်။

ယခုတကြိမ်၌မူ တရုတ်၊ အင်ဒိုနီးရှား၊ နော်ဝေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံ ၇ နိုင်ငံ၏ ထောက်ခံဆွေးနွေးမှုနှင့်အတူ ယူနက်စကို အဖွဲ့ဝင်နိုင်ငံ အားလုံးက ကန့်ကွက်သူမရှိဘဲ ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တညီတညွတ်တည်း သဘောတူ သတ်မှတ် ကြေညာလိုက်ပြီဖြစ်သည်။

ထိုသို့ ကြေညာလိုက်သဖြင့် ရှေးဟောင်းအဆောက်အဦများ၊ ဒြပ်ရှိဒြပ်မဲ့ အမွေအနှစ်များနှင့် ယဉ်ကျေးမှု အဝဝတို့ကို ကမ္ဘာ့အဆင့်မီ ထိန်းသိမ်းစောင့်ရှောက်မှု၊ စီမံခန့်ခွဲမှု၊ ကာကွယ်မှု အစုစုတို့ ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကြေညာသည့်နေ့မှ အစပြု၍ ပုဂံသို့ လာရောက်လေ့လာ လည်ပတ်ကြမည့် ကမ္ဘာလှည့်ခရီးသည်များလည်း ယခင်ကာလထက် ပိုမိုများပြားလာမည်ဟု မျှော်လင့်ရသည်။

ကမ္ဘာလှည့်ခရီးသွားများ ပိုမိုရောက်ရှိလာပါက ပုဂံဒေသအတွက်ရော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း တခုလုံးပါ ပိုမိုတိုးတက် အကျိုးရှိစေမှာဖြစ်သလို ကမ္ဘာလှည့် ခရီးသွားများကြောင့်လည်း ရှေးဟောင်းအမွေအနှစ်များ မပျက်စီး မဆုံးရှုံးရလေအောင် ဝိုင်းဝန်း ကာကွယ်ကြရန်လည်း ပိုမိုလိုအပ်လာမည် ဖြစ်သည်။

မသမာသူ ဝိသမလောဘသားများ မှောင်ခိုစီးပွားရေးကြောင့် ရှေးဟောင်း သမိုင်းဝင်ပစ္စည်းများ ပျောက်ပျက်ဆုံးရှုံးသွားရမည့် အရေးကိုလည်း ဝိုင်းဝန်းစောင့်ကြည့် တားဆီးကြဖို့လည်း တာဝန်ပိုရှိလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပျူခေတ်ဟောင်း အမွေအနှစ်ဒေသများဖြစ်သည့် ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုးတို့ကိုလည်း ၂၀၁၄ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။

အနာဂတ်တွင်လည်း ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းစေတီ ပုထိုးတော်များရှိရာ မြောက်ဦးဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းနေကြဆဲ ဖြစ်သည်။

သို့ပါ၍ မြောက်ဦးဒေသရှိ ရှေးဟောင်းအမွေအနှစ်များကိုလည်း စစ်ဘေးစစ်ဒဏ်နှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမည့်ဘေးက ကာကွယ်ကြရန်မှာလည်း ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ တာဝန်ပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013