
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာမှာ သြဂုတ် ၃၁ ရက် မနက်အစောပိုင်း ၄ နာရီလောက်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ အပါအဝင် လူ ၁၂ ယောက်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ဟုတ်တယ်၊ ထမ္မကြီးရွာထဲမှာပဲ ပစ်သတ်ခံရတာ။ သေနတ်သံတွေ ကြားပြီး သိပ်မကြာဘူး၊ အုပ်ကြီးအပါအဝင်လူ ၁၂ ယောက် ပစ်သတ်ခံရတာလို့ သိရတာပဲ။ သေနတ်သမားတွေကို မတွေ့လိုက်ပါဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး စိုးလင်းထိုက် နဲ့အဖွဲ့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့အယောက် ၄၀ ခန့်က ကား ၄ စီး၊ ဆိုင်ကယ် ၇ စီးလောက်နဲ့ လာရောက်ပစ်သတ်သွားတာလို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲနဲ့ ပြည်သူ့စစ်တွေက သေနတ်သမားတွေကို လိုက်လံရှာဖွေနေတယ်။ ဒီနေ့ ၂ နာရီအထိတော့ ဖမ်းမိတယ်လို့ မကြားမိသေးပါဘူး” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး စိုးလင်းထိုက်ဟာ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တပ်ကို ငွေသိန်းရာချီ လာဘ်ထိုးပြီး အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့သူလို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အာဏာရှင်သြဇာခံ မီဒီယာတချို့က PDF တွေက ဖမ်းဆီးခေါ်ဆောင် ပစ်ခတ်သတ်ဖြတ်သွားတာလို့ ရေးသားကြပေမဲ့ တော်လှန်ရေးတပ် PDF တွေဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။
ပြီးခဲ့တဲ့ မေ ၁၈ ရက်ကလည်း မလှိုင်မြို့နယ်၊ ဝါးခွကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးကြည်ဝင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာအပြင်ဘက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မိတ္ထီလာမြို့နယ်နဲ့ ရေချိုကျေးရွာအကြားမှာ မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတယောက် ပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။











