
အီရန်နိုင်ငံမြောက်ပိုင်း အယ်လ်ဘော့ဇ်ပြည်နယ်ရှိ တံတားတစင်းကို ဧပြီ ၂ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၈ ယောက် သေဆုံးပြီး ၉၅ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အီရန်အစိုးရသတင်းဌာန IRNA က ဖော်ပြပါတယ်။
ပြည်နယ်မြို့တော် ကာရက်ဂျ်ရှိတဲ့ ဘီဝမ်းတံတားဟာ အရှေ့အလယ်ပိုင်းမှာ အမြင့်ဆုံး တံတားတွေ ထဲက တစင်းဖြစ်ပြီး အီရန်ရဲ့ အရှုပ်ထွေးဆုံး စီမံကိန်းတွေထဲမှာ ပါဝင်ပါတယ်။ ကြာသပတေးနေ့မှာ အဲဒီတံတားကို ဒုံးကျည်နဲ့ ၂ ကြိမ်တိုင်တိုင် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာပါ။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲမှာ ဘီလယ်ကန် ရွာသားတွေ၊ ခရီးသွားတွေနဲ့ နိုရူးဇ်အားလပ်ရက် အဆုံးသတ် အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ "သဘာဝတရားနေ့" (Nature Day) မှာ လာရောက် အပန်းဖြေနေကြတဲ့ မိသားစုတွေပါဝင်တယ်လို့ ပြည်နယ်ရဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူမှုရေးဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူး ကိုဒြာတိုလာ ဆေအိဖ်က ပြောဆိုခဲ့တယ်လို့ IRNA သတင်းမှာ ကိုးကား ဖော်ပြပါတယ်။
ဒါ့အပြင် တံတားပတ်ဝန်းကျင်မှာ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိကြောင်းနဲ့ ဒီတံတားဟာ တည်ဆောက် ဆဲသာဖြစ်ပြီး လာမဲ့ရက်ပိုင်းအတွင်း ဖွင့်လှစ်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့လည်း ဆေအိဖ်က ပြောပါတယ်။ ဒဏ်ရာ ရရှိသူတွေကိုတော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို ချက်ချင်း ပို့ဆောင် ပေးခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ "အီရန်ကို ကျောက်ခေတ်ရောက်အောင် ပြန်ဗုံးကြဲ ပစ်မယ်"လို့ ခြိမ်းခြောက်ပြီး နာရီပိုင်းအကြာမှာပဲ ကာရက်ဂျ်မြို့က ဘီဝမ်းတံတားမှာ မီးခိုးတွေ ထွက်နေတဲ့ ဗီဒီယိုကို Truth Social လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။
၅ ပတ်ကြာနေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အီရန်ဘက်က ဆွေးနွေးပွဲ စကားဝိုင်းကို မလာဘူးဆိုရင် နောက်ထပ်ဖျက်ဆီးမှုတွေ ကြုံရမယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က မိန့်ခွန်းမှာလည်း ထရမ့်ပ်က အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ ပြီးဆုံး လုနီးပါး ဖြစ်နေပြီလို့ ပြောထားပေမဲ့ အီရန်ဘက်က သူတို့တောင်းဆိုချက်တွေကို မလိုက်လျောရင် "အပြင်းအထန်" ဗုံးကြဲသွားမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယဒ်အက်ဘာ့စ် အာရက်ချီကတော့ ဒီတိုက်ခိုက်မှုကို ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့ပြီး "တည်ဆောက်နေဆဲ တံတားတွေ အပါအဝင် အရပ်ဖက် အဆောက်အအုံတွေ ကို တိုက်ခိုက်တာဟာ အီရန်ကို လက်လျော့လာအောင် မလုပ်နိုင်ဘူးလို့ " လို့ X မှာ ရေးသား ခဲ့ပါတယ်။
ဒါ့အပြင် ဒီလုပ်ရပ်ဟာ ရန်သူတွေရဲ့ ကျဆုံးမှုနဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုကိုသာ ပြသရာ ရောက်ပြီး ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို အရင်ကထက် ပိုခိုင်ခံ့အောင် ပြန်ဆောက်လို့ ရပေမဲ့ အမေရိကန်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှုကတော့ ဘယ်တော့မှ ပြန်ကောင်းမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့ အမေရိကန်တို့ဟာ တီဟီရန်မြို့နဲ့ အီရန်ရဲ့ အခြားမြို့ အတော်များများကို ပူးတွဲတိုက်ခိုက်ခဲ့ရာမှာ အီရန်ရဲ့ ထိပ်သီးခေါင်းဆောင် အလီခါမေနီအပါအဝင် စစ်ဘက်အရာရှိကြီးတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက်မှာ အီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်းက အစ္စရေးနဲ့ အမေရိကန် ပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Source: Reuters










