
ကွတ်ခိုင်မြို့နဲ့ ပတ်သက်ပြီး မဟာမိတ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း တဆက်တည်း ကပ်ပါလာတာက ဆိုင်းဘုတ်ပဋိပက္ခပါပဲ။ ပေါ့ပေါ့ပါးပါး စကားလုံးကိုပဲ သုံးစွဲရရင် ဆိုင်းဘုတ်ဝိရောဓိပေါ့လေ။
ကွတ်ခိုင်မှာ TNLA ရှိစဉ်က တအာင်းကျေးရွာ ဆိုင်းဘုတ်တွေကို တအာင်းစာနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။ သွားလေရာ လာလေရာ သေချာ စေ့ငုကြည့်တတ်သူမို့ ဒီလို တအာင်းစာနဲ့ ရေးတဲ့အခါမှာလည်း နှစ်မျိုးနှစ်စား ကွဲနေတာကို သတိထားခဲ့မိပါတယ်။ တမျိုးက ဆိုင်းဘုတ်ပါ စာသားအားလုံးကို တအာင်းစာနဲ့ချည်း ရေးသားထားပြီး တချို့ကတော့ တအာင်းစာနဲ့ မြန်မာစာကို တွဲဖက် ရေးသားထားကြတာကို တွေ့ရပါတယ်။
နှစ်ဖက်တိုက်ပွဲအပြီးမှာ တအာင်း ရွာဆိုင်းဘုတ်တွေ အဖျက်ခံရတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရလို့ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ဖြစ်ပါတယ်။ ဟိုကျန့်၊ ဝှေခုတ်၊ ဟိုနောင် လမ်းပိုင်းကိုပါ။ မှန်ပါတယ်။ ဆိုင်းဘုတ်အပေါ်ကို ဆေးတထပ်သုတ်ပြီး ဖျက်ထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အားလုံးကို ဖျက်သွားတာတော့ မဟုတ်ပြန်ပါဘူး။ မြန်မာစာနဲ့ တွဲရေးထားတဲ့ ဆိုင်းဘုတ်တချို့ကို မဖျက်ပါဘူး။ ဒါက မျက်မြင်ကိုယ်တွေ့ပါ။
နောက်တော့ တအာင်းရွာဆိုင်းဘုတ်တွေကို မြန်မာ၊ တရုတ် နှစ်ဘာသာနဲ့ ရေးသားထားတယ်ဆိုတဲ့ သတင်းတွေ တက်လာပြန်ပါတယ်။ ဝေဖန်သံ၊ အလိုမကျသံတွေကိုလည်း ကွန်းမန့်တွေကတဆင့် တွေ့မြင်ရပါတယ်။
စာရေးသူကတော့ လူမျိုးစွဲ၊ ဘာသာစွဲ မထားတတ်သူမို့ ဒီကိစ္စအပေါ်မှာ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်ပါတယ်။ အရင်ဦးဆုံး ဆိုင်းဘုတ်တွေကို ဘာ့ကြောင့် ပြောင်းကြသလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။ ဒါဟာ အုပ်စိုးသူ (ဝါ) စစ်နိုင်သူတို့ ပြုလုပ်လေ့ရှိတဲ့ အစဉ်အလာပါပဲ။ ပဒေသရာဇ်ခေတ်ကနေ အခုချိန်ထိ ကျင့်သုံးနေခဲ့ကြတာ ဓလေ့ထုံးစံတခုလိုတောင် ဖြစ်နေပါပြီ။ ဆိုင်းဘုတ်မှ မဟုတ်ပါ။ ရှေးခေတ်က ကျောက်စာ၊ မော်ကွန်းကမ္ပည်းစာတွေဟာလည်း အုပ်စိုးသူ ပြောင်းတဲ့အခါ ဖယ်ရှားခံရတာရှိသလို အုပ်စိုးသူရဲ့ အာဘော်ပါတဲ့ မော်ကွန်း၊ ကမ္ပည်းကျောက်စာ အသစ် စိုက်ထူတာတွေလည်း သမိုင်းအဆက်ဆက်မှာ ရှိခဲ့ပါတယ်။ အုပ်စိုးသူတွေဟာ သူအုပ်စိုးရာ ကာလမှာ သူအလေးထားတဲ့ စာပေ၊ ယဉ်ကျေးမှုတွေကိုသာ ပြန့်ပွားစေလိုကြတာက ဓမ္မတာပါပဲ။ ဗမာဘုရင် အလောင်းမင်းတရားဆိုရင် အယုဒ္ဓယကို စစ်ချီစဉ်က အညာအရပ်က တကူးတက သယ်ယူလာတဲ့ ထန်းပင်တွေကို အကြေအရပ် (အောက်အရပ်) လမ်းတလျှောက်မှာ စိုက်ပျိုးစေခဲ့တယ်လို့ ရာဇဝင်စာပေတွေမှာ ဖတ်ရှုရပါတယ်။ ဒါသည် အုပ်စိုးသူ (ဝါ) စစ်နိုင်သူဟာ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံသာမက သူတို့မြတ်နိုးရာတွေကိုပါ ရှင်သန်စေလိုကြတဲ့သဘောကို တွေ့မြင်ရတဲ့ ထင်ရှားတဲ့ သာဓကပါပဲ။
ဒီသဘောတရားဟာ ပဒေသရာဇ်ခေတ်ကမှ ဖြစ်ထွန်းခဲ့တာ မဟုတ်ပါဘူး။ အခု မျက်မှောက်ခေတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တောင် အမေရိကန်သမိုင်းမှာ မရှိဘူးသေးတဲ့ ဒေါ်လာမှာ သူ့လက်မှတ်ကို ပုံနှိပ်ထုတ်ဝေဖို့ စီစဉ်နေတာပဲ မဟုတ်လား။ ဒါ့ကြောင့် အုပ်စိုးသူတွေဟာ သူတို့ တည်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်း စိုက်ထူလိုကြတာဟာ ဓမ္မတာမို့ တအာင်းကိုရော၊ ကိုးကန့်ကိုရော အပြစ်မတင်လိုပါဘူး။
ဒါပေမဲ့ ဆိုင်းဘုတ်ရဲ့ သဘောတရားကို သုံးသပ်ကြည့်ရအောင်ပါ။ ဆိုင်းဘုတ်ဆိုတာ အများသိရှိအောင် ကြော်ငြာလိုတဲ့အတွက် ဆိုက်ထူကြရတာပါ။ အများသိအောင်ဆိုတဲ့ သဘောတရားပါတဲ့အတွက် မိမိနဲ့ မိမိတစုတဖွဲ့တည်း သိနားလည်နေလို့ မရပါဘူး။ အများသူငါ နားလည်ဖို့ လိုပါတယ်။ စာရေးသူဆိုရင် ကွတ်ခိုင်ရောက်စက ရွာဆိုင်းဘုတ်ကြီးရှေ့ ရောက်နေပါလျက်နဲ့ ကိုယ်သွားလိုတဲ့ ရွာဟုတ်မဟုတ် မဖတ်တတ်လို့ ရွာဆိုင်းဘုတ်ရှေ့မှာတင် ရွာလည်ခဲ့ဖူးတာ အခါအခါပါ။
ဒီမှာတင် အများသိအောင် စိုက်ထူရတဲ့ ဆိုင်းဘုတ်ရဲ့ သဘောတရားက အဓိပ္ပာယ်မဲ့သွားပါပြီ။ တအာင်းရွာဆိုင်းဘုတ် ဖတ်တတ်ချင်ရင် တအာင်းစာ အရင်သင်ရမလို ဖြစ်နေပါပြီ။ ဆိုကြပါစို့ ညအခါ လမ်းမှာ တအာင်းလူမျိုးတယောက် ဆိုင်ကယ်တတော်တဆဖြစ်ပြီး လဲကျနေမယ်။ သူက သတိမေ့နေမယ်။ သူ့အိတ်ထဲမှာ မှတ်ပုံတင်ပါမယ်။ မှတ်ပုံတင်မှာ သူ့နေရပ် ရွာအမည်ပါမယ်။ မြန်မာစာနဲ့ ရေးထားလို့ ရွာအမည်ဖတ်တတ်ပြီး စာရေးသူက လိုက်ပို့လိုတယ်။ လိုက်ပို့ဖို့ ကြိုးစားတယ်။ အနီးအနားက ရွာကို ရောက်တယ်။ ဒီမှာတင် ရွာဆိုင်းဘုတ်အမည်ကို မဖတ်တတ်လို့ ခေါင်းခဲရပြီ။ ညလည်း ညဆိုတော့ အလွယ်တကူ မေးရမဲ့လူလည်း မတွေ့။ ဒီလို အခြေအနေဆိုရင် ဆိုင်ကယ် မတော်တဆဖြစ်ထားသူဟာ သွေးထွက်လွန်ပြီး သေကောင်းလည်း သေသွားနိုင်တယ်။
ဒါဟာ အများနားလည်တဲ့ ဘာသာစကားနဲ့ မဖော်ပြတဲ့အခါ ဖြစ်လာမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဥပမာပေးတာပါ။ ဒါဖြင့် ကိုယ့်ဘာသာစကားနဲ့ မရေးရဘူးလားလို့ ကဏ္ဍကောစတိုက် မေးလာရင် ရေးလို့ရပါတယ်လို့ ပြောချင်ပါတယ်။ ကိုယ့်ဘာသာစကားကို အလေးထားတာဟာလည်း ကောင်းတဲ့ အလေ့တခုပါ။ စာရေးသူလည်း မငြင်းပယ်ပါဘူး။ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုလည်း တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အများအတွက်ရေးတဲ့ ဆိုင်းဘုတ်တွေမှာ အများသိတဲ့ ဘာသာစကားကိုပါ ထည့်သွင်း ဖော်ပြသင့်တာကတော့ အမှန်ပါ။
အခုနောက်ပိုင်း ပြောင်းလဲရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်ရအောင်ပါ။ ဆိုင်းဘုတ်တွေမှာ တရုတ်စာပါနေတယ်လို့ ပြောကြပါတယ်။ ကိုးကန့်ဟာ တိုင်းရင်းသားဖြစ်ပေမဲ့ နေထိုင်ရာ ဒေသအနေအထားအရ တရုတ်စာနဲ့သာ ကြီးပြင်းခဲ့ကြရတာကို နားလည်ပေးကြရပါလိမ့်မယ်။ ကချင်စာနဲ့ ချင်းစာမှာ အင်္ဂလိပ် အက္ခရာနဲ့ ရေးသားကြတာကို အပြစ်ဆိုလို့ မဖြစ်သလို ကိုးကန့်က တရုတ်စာနဲ့ ရေးတာကိုလည်း ယိုးမယ်ဖွဲ့နေလို့ မရနိုင်ပါ။ ဒါပေမဲ့ ကိုးကန့်က အသစ်ပြင်ရေးလိုက်တဲ့ ဆိုင်းဘုတ်တွေမှာ မြန်မာစာကို အပေါ် (သို့) စာလုံးကြီး ရေးထားတာကို အသိအမှတ်ပြုကြရပါမယ်။ ဒါဟာ အများနားလည်လွယ်တဲ့ ဘာသာစကားကို အလေးထားကြောင်း ပြသမှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆိုင်းဘုတ်ကို ဖတ်သူဟာ ကချင်ဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ နားလည်နိုင်ကြမှာပါ။ ဒါဟာ ဆိုင်းဘုတ်ရဲ့ အနှစ်သာရဖြစ်တဲ့ ရည်ရွယ်ရင်းကို ရောက်ပါတယ်။
တခုတော့ ရှိပါတယ်။ တအာင်းတိုင်းရင်းသားတွေ အနေများတဲ့ ရွာဆိုင်းဘုတ်တွေမှာ မြန်မာ၊ တရုတ် နှစ်ဘာသာအပြင် တအာင်းစာနဲ့ပါ ရေးသားပေးလိုက်ရင် အချင်းအချင်း အလေးထားမှုကို ပေါ်လွင်စေပြီး ဒေသတွင်းနေ ပြည်သူတွေရဲ့ နှလုံးသည်းပွတ်ကိုပါ ငြိမ်းအေးစေနိုင်မှာ ဖြစ်ပါကြောင်း ရှမ်းမြောက်က ဆိုင်းဘုတ်ဝိရောဓိကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်မိကြောင်းပါ ခင်ဗျား။
စိုင်းမင်းအောင်










