DVB Logo
Home
ဆောင်းပါး
သန်းခေါင်ယံ မင်းအောင်လှိုင်
လင်းဆက်ငြိမ်းချမ်း
·
May 8, 2026
သန်းခေါင်ယံ မင်းအောင်လှိုင်
Donate to DVB

၂၀၁၀ ရွေးကောက်ပွဲအပြီး ၆ ရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအာဏာရှင် သန်းရွှေက ပြန်လွှတ်ပေးခဲ့ပေမဲ့ တတိယအာဏာရှင်ဖြစ်ဖို့ရာ ဇောချွေးပြန်နေဆဲဖြစ်တဲ့ မင်းအောင်လှိုင်ကတော့ ၂၀၂၅-၂၀၂၆ တရားမဝင်ရွေးကောက်ပွဲအပြီး ၃ လကျော်ကြာတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို လူအများမြင်မှာ စိုးရိမ်နေဆဲ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားမဲ့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နောက်ပိုင်းကစပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ ဆိုတာကို စစ်ဗိုလ်ချုပ်တွေ ထုတ်မပြောရဲခဲ့သလို အခုလည်း သတ်မှတ်ထားတဲ့ လျှို့ဝှက်နေအိမ်တလုံးဆီသို့ ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ခဲ့ပြန်တယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ကျန်းမာစွာနဲ့ ရှိနေကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား တစုံတရာ ထုတ်ပြဖို့ကိုတောင် မဝံ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့တို့နဲ့လည်း တွေ့ဆုံခွင့်မပြု။ ဖမ်းဆီးခံထားရတဲ့ ဘယ်သူမဆိုရဲ့ အခြေခံရပိုင်ခွင့်တို့ကို ပိတ်ပင်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်သမျှ ရာသက်ပန် သတင်းအမှောင်ချကာ ရာသက်ပန် သမ္မတ တက်လုပ်မယ်လို့ မင်းအောင်လှိုင် ပိုင်းဖြတ်ထားတဲ့ပုံ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရှိန်အဝါကြီးမှုကို မင်းအောင်လှိုင် အကြောက်ကြီး ကြောက်နေရကြောင်း သက်သေပြချက်လို့ ဆိုရင်လည်း မမှား။

ဒါဆို ဘာကြောင့် ဘယ်တုန်းက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံတပုံနဲ့ လျှို့ဝှက်နေအိမ်တလုံးဆီ ပြောင်းရွှေ့လိုက်ကြောင်း စစ်အုပ်စု ထုတ်ပြန်လိုက်ရတာပါလဲ။ ဘယ်ကမ္ဘာရဲ့ ဖိအားပေးမှုကိုမှ ဂရုမစိုက်ဘူး ဆိုတဲ့ မင်းအောင်လှိုင်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာကတည်းက ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ကိုလည်း အာခံခဲ့ပေမဲ့ အခုတော့ မတရားသိမ်းပိုက်ခဲ့တဲ့ အာဏာ တရားဝင် လူရာဝင်စွာနဲ့ သက်ဆိုးရှည်နိုင်မလားဆိုပြီး အယောင်ဆောင်ပြဖို့ လိုအပ်ပြီဆိုတော့ လူယောင်ဆောင်ပြရတော့တာ။

ပထမ၊ မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်) မှာ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းနဲ့ နိုင်ငံတကာမြင်အောင် လူယောင်ဆောင်ပြတယ်။ ထောင်ဘူးဝမှာတင် သမ္မတဦးဝင်းမြင့်က ပုဒ်မ ၄၀၁ ခံဝန်ကို လက်မှတ်မထိုးဘဲ မတရား ဖမ်းဆီးခံထားရသူဖြစ်ကြောင်း သက်သေပြခဲ့တယ်။ အာဏာသိမ်းတဲ့ မနက်ကတည်းက ထောင်ထဲ ထည့်ထားတာတောင် တရွေးသားမျှတောင် ပျော့မသွားတာကို မင်းအောင်လှိုင် ခံရခက်ပေမဲ့ လူယောင်ဆောင်ပြချင်တော့ ခံဝန်မထိုးလည်း လွှတ်ပေးလိုက်ရတယ်။

လွတ်လွတ်ချင်းနေ့မှာပဲ NLD ပါတီခေါင်းဆောင်တွေ သမ္မတဦးဝင်းမြင့်ရဲ့အိမ်ကို ရောက်လာကြတယ်။ ရုပ်ကျသွားပေမဲ့ နိုင်ငံရေးမာန်မကျတဲ့ သမ္မတကြီးရဲ့ မာမာထန်ထန် မျက်နှာထားကို လူထု ပလက်ဖောင်းပေါ် ထုတ်ပြန်ပြရုံတင်မက သမ္မတကြီးဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်လက်ဆောင်ရွက်ဖို့ အင်အားအပြည့်ရှိနေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မီဒီယာတွေကို တဆင့်ပြန်လည်ပြောကြားချက်က လောကဓံမီးတို့ရဲ့အလယ် လက်သီးကို ကျစ်ကျစ်ပါ ဆုပ်ထားတဲ့ ပြည်သူတွေအတွက် ခွန်အားဖြစ်စေခဲ့တယ်။

အဲဒီနောက် သမ္မတဟောင်း ဦးထင်ကျော်က ဦးဝင်းမြင့်ဆီ သွားရောက်တွေ့ဆုံနှုတ်ဆက်နေတဲ့ ဓာတ်ပုံ။ အဲဒီနောက် ဒေါက်တာမျိုးညွန့်ကို စစ်အုပ်စု ပြည်ထဲရေးက ခေါ်ယူစစ်ဆေးခြိမ်းခြောက်။ မီဒီယာပလက်ဖောင်းပေါ် နောက်ထပ်တက်လာတဲ့ သတင်းတွေက သမ္မတဦးဝင်းမြင့်ရဲ့ အိမ်ရှေ့မှာ လုံခြုံရေးချကာ လာရောက်တွေ့ဆုံသူတွေကိုလည်း တင်းကျပ်စွာ စစ်ဆေးခြင်းနည်းနဲ့ နောက်တကြိမ် မလာဝံ့အောင် ခြိမ်းခြောက်ခဲ့ရုံတင်မက NLD ဗဟိုအလုပ်အမှုဆောင်တချို့ရဲ့ နေအိမ်တွေ ရှေ့မှာလည်း စစ်ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတယ်လို့ သိရတယ်။

ဆိုတော့ သမ္မတဦးဝင်းမြင့်ဟာ ထောင်ထဲကနေ ပြန်လွတ်လာလို့ မိသားစုအိမ် ပြန်ရောက်လာတာကလွဲပြီး နိုင်ငံသားတယောက်ရဲ့ အခွင့်အရေး ဘာမှမရှိ။ သွားချင်ရာသွားဖို့ မပြောနဲ့၊ ကိုယ့်အိမ်လာမဲ့ ဧည့်သည်တွေကိုတောင် ခြိမ်းခြောက်ကန့်သတ်လိုက်တဲ့သဘောမို့ ထောင်ထဲကနေ နေအိမ်အကျယ်ချုပ် ပြန်ကျခံရပုံ။ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးလိုက်လို့ နိုင်ငံရေးလှုံ့ဆော်မှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှု တစုံတရာ ဖြစ်လာခဲ့မယ်ဆိုရင် ဆက်လက်ကျယ်ပြန့်သွားခြင်းမရှိအောင် အခုလို ထိန်းချုပ်ကန့်သတ်ပစ်မယ်လို့ မင်းအောင်လှိုင် ကြိုတင်လျာထားခဲ့ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာအမြင်မှာတော့ သမ္မတဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်ပေါ့။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ သမ္မတဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပေးတဲ့အပေါ် မှတ်သားထားပါတယ်လို့ မှတ်မှတ်သားသားတုံ့ပြန်ခဲ့တယ်။ ထား။

သမ္မတဦးဝင်းမြင့်ကို နေအိမ်အကျယ်ချုပ်ပုံစံ ပြန်လည်ကန့်သတ်လိုက်ပေမဲ့ နောက်ဆက်တွဲ ခြေလှမ်းတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုလာကြတယ်။

စစ်အုပ်စုရဲ့ အသက်သခင် တရုတ်အစိုးရကိုယ်တိုင်က နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဧပြီ ၂၅ ရက် နေပြည်တော်ခရီးစဉ်မှာ တရားဝင်မှုရရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အရေး အဆက်အစပ်ကို ဆွေးနွေးကာ မိုက်လုံးကြီးတာတွေ လျှော့ဖို့ ကျောသပ်ရင်သပ် လုပ်ခဲ့ပုံရတယ်။ ဒါပေမဲ့ သမ္မတ ဦးဝင်းမြင့်ကို နေအိမ်ပြန်လွှတ်တာတောင် နိုင်ငံရေးရိုက်ခတ်မှု တစုံတရာ ရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုများ ပြန်လွှတ်ခဲ့ရင် နိုင်ငံရေးဆူနာမီ ဖြစ်သွားနိုင်တာလောက် မင်းအောင်လှိုင် တွေးတတ်တယ် မဟုတ်လား။ ဒါနဲ့ ကဆုန်လပြည့် ဧပြီ ၃၀ မှာ မတရား ထောင်ဒဏ်နည်းနည်းလျှော့၊ ဘယ်တုန်းက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံတပုံ ထုတ်ပြကာ သတ်မှတ် လျှို့ဝှက်နေအိမ်တလုံးဆီ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့ထားတယ်လို့ ပလီရတော့တယ်။

ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို အလုံပိတ်တနေရာကနေ နောက်ထပ် အလုံပိတ်တနေရာဆီ သဘောထားကြီးစွာနဲ့ ပြောင်းရွှေ့ပေးလိုက်တာကြောင့် အာဆီယံအနေနဲ့လည်း မင်းအောင်လှိုင်ကို မြန်မာခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုကာ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ပြုဖို့ အပေးအယူ။ ဒါကို နောက်တမျိုး ထပ်ပြောရရင် ငါးပြား၊ ဆယ်ပြားလောက် ပေးပြီး ကမ္ဘာကြီးကိုတောင် ပိုင်ဆိုင်ခွင့်ရမလားလို့ မင်းအောင်လှိုင်ရဲ့ စိတ်ကူးယဉ်ချက်။

အဲဒီလို ဓာတ်ပုံတပုံနဲ့ သတ်မှတ်နေအိမ် ပြောင်းရွှေ့ကြောင်း ကြေညာချက် ထွက်လာပြီးတော့မှပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ခိုင်လုံတဲ့ အထောက်အထားပြဖို့၊ မိသားစုနဲ့ တွေ့ခွင့်ပြုဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ဖို့ နိုင်ငံတကာ၊ အာဆီယံနဲ့ ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေပါ တောင်းဆိုသံတွေ ဆက်တိုက် ထွက်ပေါ်လာကာ အားကောင်းတဲ့လှိုင်းတွေ ဖြစ်လာတယ်။

ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ရွေးကောက်ခံသမ္မတအဖြစ် ဟိတ်ဟန်ထုတ်နေတဲ့ မင်းအောင်လှိုင် မေလ ၈ ရက်၊ ဖိလစ်ပိုင်မှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မရတာလည်း သမ္မတတုဟာ သမ္မတတုပါပဲလို့ ပြောပြနေပြန်တယ်။

မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြွေးကြော်ခဲ့တဲ့ မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရဲသလား ဆိုတဲ့ မေးခွန်းကိုတော့ မဖြေရဲတာ သေချာနေတယ်။

အာဏာသိမ်းတုန်းကလည်း အချိန်တန်ရင် အာဏာရမှာပဲလို့ အလွယ်တွက်ခဲ့တဲ့ မင်းအောင်လှိုင် အခု သမ္မတတု တက်လုပ်မယ်ဆိုတော့လည်း နောင်ခါလာ နောင်ခါဈေးလို့ပဲ စီမံခန့်ခွဲမှုပါရဂူဘွဲ့ရ ဒေါက်တာမင်းအောင်လှိုင်က မျက်လုံးစုံမှိတ်ခဲ့တဲ့ပုံ။

အာဆီယံနဲ့ နိုင်ငံတကာက တဖွဖွ ပြောနေတဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရုံနဲ့လည်း မပြီးသေးပြန်တော့ မင်းအောင်လှိုင် ဒီ သန်းခေါင်ယံမှာ စုံလုံးကန်း ပေရပ်နေဦးမဲ့ သဘော။

မင်းအောင်လှိုင် မိုးလင်းပါ့မလား ဆိုတဲ့ မေးခွန်းကို မင်းအောင်လှိုင် ကိုယ်တိုင်လည်း ဖြေရဲမဲ့ပုံ မပေါ်။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013