
စစ်ဘေးဒဏ်သင့် ဂါဇာကမ်းမြောင်ဒေသမှာ ပျက်စီးသွားတဲ့ အဆောက်အအုံတွေရဲ့ အပျက်အစီး အပိုင်းအစတွေက ဝင်ငွေရလမ်းနဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ရတဲ့နေရာတခု ဖြစ်လာ နေပါတယ်။
အစ္စရေးစစ်တပ်က အဆက်မပြတ် တိုက်ခိုက်နေလို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်တန့်နေချိန်မှာ ပါလက်စတိုင်းတွေက အသက်မွေးဝမ်းကျောင်းပြုဖို့နဲ့ နေထိုင်ရာနေရာတွေ ခိုင်ခံ့ စေရေးအတွက် အပျက်အစီးတွေကြားကနေ သံချောင်းအစအနတွေကို ပြန်စုဆောင်း ရယူ နေကြတာပါ။
နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပါလက်စတိုင်းလူမျိုးတွေက တူကြီးတလက်နဲ့ လက်ဗလာ သက်သက်ကိုသာ သုံးပြီး ကွန်ကရစ်တုံးတွေကို ခွဲထုတ်ရင်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေ ကနေ သံချောင်းအစအနတွေကို ထုတ်ယူနေပါတယ်။
သံချောင်းဟာ ဂါဇာဒေသထဲဝင်ခွင့်ကို အစ္စရေးက ကန့်သတ်ထားဆဲဖြစ်တဲ့ မရှိမဖြစ်လိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေထဲက တခုပါ။
လက်ရှိတဲတွေက ခိုင်ခံ့မှုမရှိသလို အမြင့်လည်း နိမ့်လွန်းတာကြောင့် နွေရာသီရော ဆောင်းရာသီမှာပါ ကာကွယ်မှု အပြည့်အဝ မပေးနိုင်ပါဘူး။
ဒီသံချောင်းတွေကို သုံးပြီး အမိုးပိုမြင့်ပြီး ပြတင်းပေါက်တွေပါတဲ့ တဲအကြီးစားတလုံးကို ဆောက်လုပ်နိုင်မှာ ဖြစ်သလို ဆောင်းရာသီ မရောက်ခင်မှာလည်း တဲကို ခိုင်ခံ့လုံခြုံအောင် လုပ်ထားနိုင်မှာပါလို့ ပါလက်စတိုင်းတယောက်က ပြောပါတယ်။
ဂါဇာမြို့တော်ဝန် ယာယာ အယ်လ် ဆာရပ်ဂျ်ကလည်း ဒီအလုပ်ဟာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ နေထိုင်စရာ အခက်အခဲပြဿနာတွေကို ဖြေရှင်းရာမှာ အဓိကသော့ချက်လို့ ပြောပါတယ်။
ဂါဇာဒေသဟာ အပျက်အစီးပုံတွေ တန်ချိန် သန်း ၆၀ ကျော်အောက်မှာ မြုပ်နေတယ်လို့ ခန့်မှန်းထားပါတယ်။
အပျက်အစီး အများစုကို ရှင်းလင်းဖယ်ရှားဖို့ ၇ နှစ်ကနေ ၁၀ နှစ်အထိ အချိန်ယူရနိုင်ပြီး အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ချီ ကုန်ကျနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
စစ်ပွဲစခဲ့တာ သုံးနှစ်ရှိပြီဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးကာလ တနှစ်ရှိပြီဖြစ်ပေမဲ့ ဂါဇာဒေသခံတွေ ဟာ သူတို့ဘဝတွေကို ပြန်လည်ထူထောင်ဖို့ ရုန်းကန်နေကြရဆဲပါ။
နေရာအနှံ့အပြားက ပျက်စီးဆုံးရှုံးမှုတွေနဲ့ အပျက်အစီးပုံ တန်ချိန် သန်းပေါင်းများစွာကြားမှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို ကိုယ်တိုင်ရှာဖွေ စုဆောင်းနေကြရဆဲ ဖြစ်ပါတယ်။
Source: Reuters











