
မန်ချက်စတာစီးတီး ကစားသမား ဂျယ်ရမီဒိုကူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း သူ့ရဲ့ ပထမဆုံးရင်သွေး မွေးဖွားဖို့အတွက် ဘယ်လ်ဂျီယံအသင်းစခန်းကနေ ခွင့်ယူခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တယောက်က ဖခင်တွေဟာ ကလေးမွေးဖွားချိန်မှာ ဘာမှအသုံးမဝင်ဘူးလို့ ပြောဆိုခဲ့တာပါ။ ဒီလိုပြောဆိုမှုကြောင့် သတင်းထောက်ကို အလုပ်ကနေ ရပ်နားခဲ့ပြီး တောင်းပန်ခဲ့ရပါတယ်။
ဒိုကူဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့် အီရန်နဲ့ ၀-၀ သရေကျခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ သူ့ရဲ့ ယူကျု ချန်နယ်မှာတော့ ဒီလိုအခြေအနေတွေကြောင့် ဝေဖန်သံတွေ ထွက်လာတာကို နားလည်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူ့ကို ဝေဖန်ခဲ့တဲ့ သတင်းထောက်အပေါ် ဒေါသမထွက်ဘူးလို့ ဒိုကူက ဆိုပါတယ်။ အလုပ်ထုတ်ခံရတဲ့ သတင်းထောက်အတွက် ဆုတောင်းပေးခဲ့ပြီး သူ့အပေါ် ပြင်းပြင်းထန်ထန် မတုံ့ပြန်ကြဖို့လည်း တောင်းဆိုခဲ့တာပါ။











