DVB Logo
Home
မြန်မာသတင်း
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင်သားပေါက် ၂ ကောင် တွေ့ရှိ
DVB
·
June 22, 2019
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင်သားပေါက် ၂ ကောင် တွေ့ရှိ
Donate to DVB

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းမှာ လင်းပိုင်သားပေါက် ၂ ကောင်ကို တွေ့ရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

ငါးရစ်ငါးသန်ကာလဖြစ်တဲ့ မေ၊ ဇွန်၊ ဇူလိုင်လအတွင်းမှာ ငါးဖမ်းဆီးတာတွေ မပြုလုပ်ဖို့အတွက် ငါးလုပ်ငန်းဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့တွေကနေ ဦးဆောင်ပြီး မန္တလေး ဗန်းမော် မြစ်ကြောင်တစ်လျှောက် ပညာပေးလုပ်ငန်းတွေ သွားရောက်ပြုလုပ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ စစ်တမ်းကောက်ယူခဲ့ရာမှာတော့ ၇၂ ကောင်အထိ ရှိနေပြီး လက်ရှိမှာတော့ မိုးတွင်းကာလဖြစ်တဲ့အတွက် ခရီးစဉ်မှာ ၃၈ ကောင်ကိုသာ တွေရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာန ဒုဦးစီးမှူး ဦးဟန်ဝင်းက “ဒီခရီးစဉ်မှာ ကျနော်တို့ သားပေါက်ကောင်ငယ် ၂ ကောင်အပါအ၀င် လင်းပိုင်စုစုပေါင်း ၃၈ ကောင်ကို တွေ့ရှိခဲ့ပါတယ်။ ဒီသားပေါက်ငယ်တွေ တွေ့တာကတော့ မန္တလေးကျောက်မြောင်း၊ ထိန်းသိမ်းရေး ဧရိယာထဲမှာပေါ့နော်။  လွန်ခဲ့တဲ့လလောက်ကတည်းက ၁ ကောင်ကိုတော့ တွေ့ရှိပြီးဖြစ်ပါတယ်။ ခုခရီးစဉ်မှာ အဲ့အပြင် တခြား ၁ ကောင်ပါ ထပ်တွေ့တော့ စုစုပေါင်း သားပေါက် ၂ ကောင်လို့ ပြောလို့ရတာပေါ့” လို့ ပြောပါတယ်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS နဲ့ ငါးလုပ်ငန်းဦးစီးဌာနကနေ ပူးပေါင်းပြီး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာလုပ်ငန်းတွေကို ၂၀၀၂ က စတင်လုပ်ဆောင်နေတာ ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထိန်းသိမ်းရေး ဧရိယာအနေနဲ့ ထူထောင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ထိန်းသိမ်းရေးဧရိယာအတွင်း စစ်တမ်းကောက်ယူမှုတွေ လစဉ်ရှိနေတာပါ။

ဦးဟန်ဝင်းက “လင်းပိုင်အမကြီးတွေကတော့ ဒါ ၇ ပေခွဲ၊ ၈ ပေလောက်အထိ ကြီးနိင်တဲ့ အနေအထားရှိတယ်။ သားပေါက်ငယ်ကတော့ မွေးမွေးပြီးခြင်းကို ၃ ပေကျော်လောက် ဆိုတော့ ဒီမိခင်နဲ့ လင်းပိုင်နဲ့ သားပေါက်လင်းပိုင်တွဲနေတဲ့ အခါမှာ ဒါတော်တော်လေးကို သိသာပါတယ်။  ဒီလင်းပိုင်သားပေါက်လေးတွေက သူ့ရဲ့ခေါင်းကို အပေါ်ကိုပေါ့နော်။ ထောင်ပြီးတော့ ကူးလေ့ကူးထရှိတဲ့ သဘောမှာတွေ့ရတယ်။ ဒါအသက်ရှူမှုကိုလည်း လင်းပိုင်အကြီးတွေလို မလုပ်တတ်သေးတဲ့တွက် ဦးခေါင်း ရေပြင်ပေါ်ကို ပြောရရင်တော့ ၄၅ ဒီဂရီလောက် စောင်းပြီးတော့ ပေါ်ပြီးတော့ ကူးလေ့ကူးထရှိတဲ့ အနေအထားလေးရှိတယ်ပေါ့။” လို့ ပြောပါတယ်။

ဧရာဝတီမြစ်အတွင်းမှာ ငါးပမာဏ လျော့ကျနေပြီး ရှော့တိုက်ငါးဖမ်းစီးတာတွေ လျော့နည်းဖို့အတွက် လွှတ်တော်ကနေပြဋ္ဌာန်းပြီး ထိန်းသိမ်းဆောင်ရွက်သင့်တယ်လို့ အရပ်ဘက်အဖွဲ့စည်းတခုဖြစ်တဲ့ Green World Alliance  တာဝန်ရှိသူ ဦးမောင်မောင်ဦးက ပြောပါတယ်။

“ဧရာဝတီရဲ့ ငါးဟာ ၈၀ ရာခိုင်နှုန်း လျာ့ကျနေပြီ ဆိုတာ ဒီစစ်တမ်းတွေအရ သိရပါတယ်။  တကယ်ငါးလျော့နေပါပြီ။ အဆိပ်လည်းချတတ်ပါတယ်။ တရားမဝင် ပေ၂၀၀ အထက် ပိုရှည်တဲ့ ပေ ၈၀၀ လောက်ရှိတဲ့ မျောပိုက်တွေလည်း တိုက်ပါတယ်။  အုပ်စုဖွဲ့ပြီး ရှော့လည်း တိုက်ပါတယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ရဲ့ အသက်ရပြီးသား လင်းပိုင်တွေ သေဆုံးနိင်သလို အခုလို သားပေါက်တွေဆိုတာ ပိုအန္တရာယ်ရှိပါတယ်။  သေဆုံးနိင်ပါတယ်။ ဒီလိုအကြောင်းအရင်းတွေကို ဖိဖိစီးစီးကိုင်တွယ်နိင်ဖို့ လိုပါတယ်။ အဲ့လို ဖိဖိစီးစီးကိုင်တွယ်နိင်ဖို့ လိုတဲ့နေရာမှာလည်း လက်ရှိငါးလုပ်ငန်းဥပဒေနဲ့တင် မလုံလောက်ပါဘူး။ အဲ့ဒီဒေသမှာ တိုင်းဒေသကြီးအစိုးရကသော် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော် အဆင့်ကသော်လည်းကောင်း အဆင့်မြှင့် ကွန်စာဗေးရှင်းဇုန်အနေနဲ့ လွှတ်တော်ကနေ ထိန်းသိမ်းရေး ဧရိယာတခု လွှတ်တော်က ပြဋ္ဌာန်းပြီး ထိန်းသိမ်းဆောင်ရွက်မှသာလျှင် ရမယ်လို့ ထင်ပါတယ်။”

ငါးရစ်ငါးသန်ကာလအတွင်းမှာ ငါးဖမ်းစီးတာတွေ မပြုလုပ်ဖို့အတွက် ၂၀၁၇ ခုနှစ်က စတင်ကာ ဧရာဝတီမြစ်ကြောင်းတလျှောက် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် မန္တလေးကနေ ဗန်းမော်အထိ ပညာပေးလုပ်ငန်းတွေကို ဇွန်လ ၆ ရက်ကနေ ၁၉ ရက်အထိ ၁၄ ရက်အကြာပြုလုပ်ခဲ့ပြီး ဘက်ထရီနဲ့ ရှော့တိုက်ငါးဖမ်းစက်လှေ ၉ စီးနဲ့ မျောပိုက်ပေါင်း ၁၈၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013