DVB Logo
Home
မြန်မာသတင်း
ဧရာဝတီလင်းပိုင်များ မနှစ်ကထက် အကောင်ရေ တိုးလာ
DVB
·
February 19, 2018
ဧရာဝတီလင်းပိုင်များ မနှစ်ကထက် အကောင်ရေ တိုးလာ
1 / 3
Donate to DVB

ရှားပါးမျိုးစိတ်တခုဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေဟာ မနှစ်ကထက် အကောင်ရေ တိုးလာတာ တွေ့ရတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၇ ရက်အထိ မန္တလေးကနေ ဗန်းမော်ကို ဧရာဝတီလင်းပိုင် ကောင်ရေ သုတေသနစစ်တမ်း ပြုလုပ်ရာမှာ ၇ ကောင် တိုးလာတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) ရဲ့ ဒုတိယစီမံကိန်းမန်နေဂျာ ဦးကျော်လှသိန်းက ပြောပါတယ်။

“မနှစ်က ဒီအချိန်မှာ ကြည့်တုန်းက ၆၉ ကောင် ရှိပါတယ်။ ဒီနှစ်မှာတော့ ၇၆ ကောင် တွေ့ပါတယ်။ ဒီတနှစ်အတွင်းမှာ သေဆုံးတာကတော့ ၂ ကောင်ရှိတယ်။ ဘာကြောင့်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် (လျှပ်စစ်နဲ့) ရှော့တိုက်ဖမ်းတာကြောင့်လို့ ယူဆရတယ်”

အခုလို လေ့လာတာကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

ဧရာဝတီလင်းပိုင်တွေဟာ မြန်မာနိုင်ငံမှာဆိုရင် ဧရာဝတီမြစ်၊ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ တွေ့ရပြီး ကမ္ဘာမှာ မျိုးသုဉ်းဖို့ အလွန်နီးကပ်တဲ့ အနေအထားမှာ ရောက်နေတယ်လို့လည်း ဦးကျော်လှသိန်းက ပြောပါတယ်။

“ရခိုင်၊ တနင်္သာရီနဲ့ မြစ်ဝကျွန်းပေါ်မှာတော့ ကောင်ရေ ၆၀ လောက်စီ ရှိမယ်လို့ ခန့်မှန်းရတယ်။ ဧရာဝတီမြစ်ထဲမှာတော့ မန္တလေးနဲ့ အထက်ပိုင်းမှာ မျက်မြင်တွေ့တာ ၇၆ ကောင်ပေါ့။ မန္တလေးနဲ့ ကျောက်မြောင်းကြားမှာ ရှိတဲ့ လင်းပိုင်တွေက လက်ပစ်ကွန် ရေလုပ်သားတွေနဲ့ ပူးပေါင်းပြီး ငါးဖမ်းတတ်တယ်။ တခြားနေရာ၊ နိုင်ငံတွေမှာတော့ သင်ပေးမှ ရတာလေ။ ဒီမှာက သူ့ဘာသာ တတ်နေတာကလည်း ဂုဏ်ယူစရာပါ”

ဒါ့အပြင် ဒီခရီးစဉ်တလျှောက်မှာ တရားမဝင် ရှော့တိုက်ငါးဖမ်းတဲ့ စက်လှေ ၁၇ စီးကို ဖမ်းဆီးရမိခဲ့သလို အခုခရီးမှာပါတဲ့ ဧရာဝတီလင်းပိုင်နဲ့ အကျိုးတူ ပူးပေါင်းငါးဖမ်းတဲ့ ဓလေ့ကျွမ်းကျင်တဲ့ ရေလုပ်သား ၂ ယောက်က ထီးချိုင့်နဲ့ ရွှေကူမြို့နယ်ကြားက ဒေသခံအချို့ကို လင်းပိုင်တွေနဲ့ အတူငါးဖမ်းနည်းကိုလည်း သင်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013